ဘူးသီးတောင် ဖရုံချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ အကူတစ်ဦးက ဒုက္ခသည်များ၏ အိမ်များရောင်းချခြင်း၊ ရွာသားများကို အမျိုးမျိုး စွပ်စွဲ၍ ညှဉ်းပန်းနှိပ်စက်လျက်ရှိ
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်းကျေးရွာအုပ်ချုပ်ရေးမှှူး ၏ အကူတစ်ဦးက တဖက်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသူများ၏ နေအိမ်များကို ရောင်းချခြင်း၊ ရွာသားများကို အမျိုးမျိုး စွပ်စွဲ၍ ညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ဘူးသီးတောင် တောင်ပိုင်း ဖရုံချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဋ္ဌေး (ဘ) ဦးလှသာထွန်း၏ တပည့်အရင်းဖြစ်သူ မိုဟမ္မဒ်ဆွားလေး (ဘ) ဦးဆူလ်တာန် (အသက် ၃၂-နှစ်) သည် ရွာသားများကို နေ့စဉ်နှင့်အမျှ မတရားညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်လျက်ရှိသည့်အပြင် ဒုက္ခသည်များ၏ နေအိမ်များကိုလည်း ရောင်းချလျက်ရှိသည်။

မိုဟမ္မဒ်ဆွားလေး သည် အုပ်ချုပ်ရေးမှူး၏ လက်ကိုင်တုတ်ဖြစ်သဖြင့် အုပ်ချုပ်ရေးမှူး၏ အာဏာကို အခွင့်ကောင်းယူကာ အားကိုးရာမဲ့ ရိုဟင်ဂျာလူမျိုးများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဒုက္ခပေးခြင်း၊ သူတစ်ပါးလုပ်ငန်းများကို အနှောက်အယှက်ပေးခြင်း၊ မဟုတ်မမှန် စွပ်စွဲခြိမ်းခြောက်၍ ငွေညှစ်ခြင်းနှင့် တဖက်နိုင်ငံရောက် ဒုက္ခသည်များ၏ နေအိမ်များကို မိမိ၏ ကိုယ်ပိုင်ပစ္စည်းကဲ့သို့ အခြားသူများအား ရောင်းချခြင်း စသည့်လုပ်ရပ်များ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

အောက်တိုဘာလ (၂၇) ရက်နေ့တွင် ရှားဘုလ်အစ္စလာမ် (ဘ) ဦးဆယိအဟ်မဒ် (အသက် ၂၉ နှစ်) နှင့် မိုဟမ္မဒ်ရှဖိ (ဘ) ဦးဘာဆာမျာ (အသက် ၅၆ နှစ်) တို့နှစ်ဦးက အချင်းချင်း စကားများခဲ့ကြသည်ကို အကြောင်းပြု၍ တစ်ဦးချင်းထံမှ ငွေကျပ် ၃ သောင်းစီ၊ စုစုပေါင်း ၆ သောင်း ညှစ်ယူခဲ့သည်။

ထို့အပြင် လွန်ခဲ့သည့် အောက်တိုဘာလ နောက်ဆုံးအပတ်နှင့် နိုဝင်ဘာလ ပထမ အပတ်တို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေသည့် ဒုက္ခသည်များ ဖြစ်ကြသော ကျွဲတက်ပြင်ရွာမှ ဦးဆုလ်တာန် (ဘ) ဦးနော်ဇူမျာ၏ အိမ်ကို ငွေကျပ် နှစ်သိန်းခွဲ၊ ဦးမိုဟမ္မဒ်ဂျမီလ် (ဘ) ဦးရရှီးဒ်၏ နေအိမ်ကို ငွေကျပ် နှစ်သိန်း တို့ဖြင့် ရောင်းချခဲ့သည်။

မိုဟမ္မဒ်ဆွားလေး ကို ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးတွင် ခေါ်စာ၊ တိုင်စာများ ရေးပေးခြင်း၊ ပေးပို့ခြင်းနှင့် အခြားအထွေထွေ ကိစ္စရပ်များ လုပ်ပေးရန် အသုံးချလေ့ရှိပြီး ဖရုံချောင်းမွတ်စလင်ရွာ တစ်ရွာလုံး၏ တိုင်တန်းချက်များပါ ပြဿနာများကို ငွေများများညှစ်ပြီး ဖြေရှင်းပေး၍ အုပ်ချုပ်ရေးမှူး ကို ဝေစုခွဲဝေပေးလျက်ရှိသည့် အတွက် အထူး ပါဝါပေးထားသဖြင့် ရွာသားများကို မင်းမဲ့နယ်ပယ်အလား ညှင်းပန်းနှိပ်စက်လျက်ရှိကြောင်း၊ အုပ်ချုပ်ရေးမှူးက မည်သို့မှ ဟန့်တားအရေးယူခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ