ကျောက်တော်မြို့နယ် အလယ်ကျွန်းကျေးရွာတွင် ဗုံးပေါက်ကွဲမှုကြောင့် သားအဖ နှစ်ဦးသေဆုံး
ခင်မောင်နိုင် Rohingya Today

ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အလယ်ကျွန်းကျေးရွာတွင် မေလ (၂၁) ရက်နေ့က ဗုံးပေါက်ကွဲမှုကြောင့် သားအဖ နှစ်ဦး သေဆုံးသွားခဲ့သည်။

မေလ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာမှ ဦးမာမတ်ရှော်ဘီ၏ သားဖြစ်သူသည် ရွာ၏ အပြင်ဘက် လယ်ကွင်း၌ နွားကျောင်းရန် သွားနေစဉ် ရွာ၏ အနီးရှိ လယ်ကွင်းတွင် သံပိုက်လုံးဖြင့် ပြုလုပ်ထားသော ဗုံးတစ်လုံးတွေ့ရှိခဲ့သည်။ ကလေးငယ် ဗုံးကို ဗုံးမှန်းမသိဘဲ ကောက်ယူသွားပြီးနောက် ဖခင်ဖြစ်သူကို ပြသရာ ဖခင်ကလည်း ဗုံးမှန်းမသိဘဲ ဓါး၏ လက်ကိုင်တွင် တပ်ဆင်ရန် သင့်တော်သည်ဟု ဆိုကာ နံနက် ၁၁ နာရီခန့် အချိန်တွင် အိမ်ရှေ့ကြမ်းပြင်တွင်ထိုင်၍ ဓါးကို မီးဖုတ်ပြီးနောက် သံပိုက်လုံးထည့်ကာ ထုနေသည့်အချိန်တွင် ဗုံးပေါက်ကွဲသွားခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဗုံးပေါက်ကွဲစဉ် ဦးမာမတ်ရှော်ဘီ၏ အသက် (၈) နှစ်အရွယ် သားဖြစ်သူ အေကရာမ်လည်း အတူရှိနေခဲ့သည်။ သားအဖ နှစ်ဦးစလုံး ဗုံးထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိကာ သားဖြစ်သူ အေကရာမ်သည် ယင်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ဗုံးပေါက်ကွဲပြီး တစ်နာရီခွဲခန့် အကြာ နေ့လည် ၁၂း၃၀ နာရီခန့်တွင် ဦးမာမတ်ရှော်ဘီ (ခ) ဦးအဒူမာလဲခ် (အသက် ၃၆ နှစ်) လည်း သေဆုံးသွားခဲ့သည်။ 

Mohammed Shawfi killed in bomb blast in Kyauktaw

ကလေးငယ် ကောက်ယူလာသည့် ဗုံးသည် ရခိုင်ရွာသားများ (သို့မဟုတ်) AA ရခိုင့်တပ်တော်မှ မြန်မာစစ်တပ်မှ စစ်သားများ သွားလာသည့်အခါ ပေါက်ကွဲထိမှန်ရန်အတွက် ထောင်ထားသည့် ဗုံးဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။ 

“ရခိုင်တွေဘက်က မြန်မာစစ်သားတွေ ထိဖို့အတွက် ရိုဟင်ဂျာတွေရဲ့ ရွာထဲ၊ ရွာအပြင်၊ လမ်းဘေး၊ လယ်ကွင်း နေရာပေါင်းစုံ မိုင်းဗုံးတွေ ထောင်တာ မကြာခဏတွေ့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

“သူတို့ဘက်က စစ်သားတွေ ထိဖို့ ထောင်ပေမယ့်လည်း အခုထိနေတာက ရိုဟင်ဂျာတွေ ဖြစ်နေတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ 

မေလ (၁၉) ရက်နေ့ကလည်း စစ်သားများ သွားလာနေစဉ် အလယ်ကျွန်းကျေးရွာ အဝင် လမ်းဘေးတွင် ဗုံးပေါက်ကွဲခဲ့သေးသည်။ 

မေလ (၁၄) ရက်နေ့ ည ၈း၃၀ နာရီတွင်လည် ရွှေပြည်ရွာမှ ရခိုင်ရွာသား ၄ ဦးက အလယ်ကျွန်းကျေးရွာထဲတွင် မိုင်းဗုံးထောင်နေသည်ကို ရိုဟင်ဂျာရွာသားများ တွေ့ရှိခဲ့ပြီး တစ်ဦးကို ဖမ်းဆီးထားနိုင်ခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရခိုင်ရွာသားများက ရွာလုံးကျွတ်မီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့သောကြောင့် ပြန်လည် လွှတ်ပေးခဲ့ရသည်။ 

ဧပြီလ (၂၅) ရက်နေ့ နေ့လည်ပိုင်းတွင် ရှမ်းရွာမှ ရခိုင်ရွာသားများက ဝါးကင်းရွာအနီး လယ်ကွင်း၌ မြေမြှပ်မိုင်း ထောင်နေသည်ကို ရိုဟင်ဂျာရွာသားများက တွေ့ရှိသဖြင့် အပြန်အလှန် စကားများခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက အပြစ်မဲ့ ရိုဟင်ဂျာရွာသား (၃) ဦးကို ဖမ်းဆီး၍ ခေတ္တထိန်းသိမ်းထားပြီးနောက် ပြန်လည် လွှတ်ပေးခဲ့သည်။ 

မေလ (၂၁) ရက်နေ့က ဗုံးပေါက်ကွဲပြီး သားအဖနှစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ သတင်းမီဒီယာများ လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားသည်ဟု ရေးသားနေသော်လည်း ဖြစ်စဉ်အမှန်မှာ ကလေးငယ်က တွေ့ရှိခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့်သာ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ