ဘူးသီးတောင် ဘုရားပြင်အောင်ပ ကျေးရွာအုပ်ချုပ်ရေးမှူးက ဘာသာရေးဆရာတစ်ဦးထံမှ မတရားသဖြင့် ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက ဘာသာရေးဆရာတစ်ဦးထံမှ မတရားသဖြင့် ငွေညှစ်ခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပကျေးရွာအုပ်စု အကွက် (၄) မှ ကွယ်လွန်သူ ဥက္ကဌဟောင်း ဦးလောပ်ဖူးလ္လာ ၏ သားများဖြစ်ကြသည့် ဦးကေဖာဒ်အူလ္လာနှင့် မော်လဝီမူဟီဖ်ဘူလ္လာ တို့ ညီအစ်ကိုနှစ်ဦးသည် မေလ (၁၉) ရက်နေ့တွင် အချင်းချင်း စကားများကြပြီး ရိုင်းစိုင်းစွာ အပြန်အလှန် ဆဲဆိုခဲ့ကြသည်။ ထို့နောက် ဦးကေဖာဒ်အူလ္လာ က ကျေးရွာအုပ်ချုပ်ရေးမှူး ထံသို့ သွားရောက်၍ အစ်ကိုဖြစ်သူကို မကျေနပ်ကြောင်း တိုင်တန်းခဲ့သည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီး က ရာအိမ်မှူးမှတစ်ဆင့် မော်လဝီမူဟီဖ်ဘူလ္လာ ကို ၎င်း၏ အိမ်သို့ ဆင့်ခေါ်၍ ညီဖြစ်သူက တိုင်ကြားထားသောကြောင့် ထောင်ချခံရမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထို့အပြင် ရာအိမ်မှူးများကိုလည်း အမျိုးမျိုး ခြိမ်းခြောက် ပြောဆိုစေခဲ့သည်။ 

ဦးမောင်ကြီးက “ဒီကောင့်ကို ရဲစခန်းပို့ပေးရမယ်” ဟုဆိုကာ ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများကို ဖုန်းဆက်ခေါ်သဖြင့် ရဲဘော်အောင်ဇော်ဝင်း အပါအဝင် နယ်ခြားစောင့်ရဲ (၃) ဦး ရောက်ရှိလာပြီး မော်လဝီမူဟီဖ်ဘူလ္လာကို ဖမ်းဆီးခေါ်ဆောင်သွား၍ ချုပ်နှောင်ထားခဲ့သည်။ ထို့နောက် ၎င်းထံမှ ငွေကျပ် (၄) သိန်း တောင်းခံရာ၊ ၎င်းက ဆင်းရဲသားတစ်ဦး ဖြစ်၍ ငွေကျပ် (၄) သိန်း မတတ်နိုင်ဟု ဆိုခဲ့သည်။ 

နောက်ဆုံးတွင် ငွေကျပ် တစ်သိန်းခွဲ ကို အုပ်ချုပ်ရေးမှူးအား ပေးပါမည်ဟု ကတိပေးသောကြောင့် ၎င်းအား ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

မော်လဝီမူဟီဖ်ဘူလ္လာ သည် ပေးထားသည့် ကတိအတိုင်း ငွေကျပ် တစ်သိန်းခွဲကို အုပ်ချုပ်ရေးမှူးအား မေလ (၂၀) ရက်နေ့တွင် ပေးခဲ့သည်။ ၎င်းသည် ဆင်းရဲနွမ်းပါးသူတစ်ဦး ဖြစ်ပြီး မိသားစု စားဝတ်နေရေးကိုပင် ပင်ပင်ပန်းပန်း ကြိုးစား၍ ရှာဖွေနေရသူဖြစ်သည်။ ယခုပေးလိုက်သည့် ငွေကျပ် တစ်သိန်းခွဲကိုလည်း ဆွေမျိုးသားချင်းများထံမှ ချေးယူ၍ ပေးခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ