ဘူးသီးတောင် ဘုရားပြင်အောင်ပတွင် သောက်ရေကန်များ ရေခန်းခြောက်နေသဖြင့် သောက်ရေ အခက်အခဲ ကြုံတွေ့နေရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဘုရားပြင်အောင်ပကျေးရွာအုပ်စုတွင် သောက်ရေကန်များ ရေခန်းခြောက်နေသဖြင့် ဒေသခံများ သောက်သုံးရေ ရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်နေသည်။

ဘုရားပြင်အောင်ပကျေးရွာတွင် အိမ်ခြေ ၈၀၀ ရှိပြီး လူဦးရေ ၅၀၀၀ ကျော်ခန့် ရှိသည်။ ယင်းကျေးရွာမှ ဒေသခံ ရိုဟင်ဂျာများ အများစုမှာ ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြပြီး စားဝတ်နေရေး အခက်အခဲများ ရင်ဆိုင်နေရချိန်တွင် သောက်သုံးရေ ရှားပါးမှုကိုပါ ရင်ဆိုင်နေကြရသည်။ 

ယင်းကျေးရွာတွင် ရေကန်များတူးထားပြီး မိုးရေများ သိုလှောင်ကာ သောက်သုံးရေများ အဖြစ် သုံးစွဲကြသည်။ ယခုအခါ ရာသီဥတုပူလွန်းသောကြောင့် ယင်းရေကန်များ ခန်းခြောက်သွားသဖြင့် သောက်သုံးရေ ရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်နေကြရသည်ဟု ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

“အခု ကျွန်တော်တို့ မွတ်စလင်တွေရဲ့ မွန်မြတ်တဲ့ ဥပုသ်လလည်း ဖြစ်နေတယ်၊ ဥပုသ်လည်း ဆောက်တည်ရ၊ ရာသီဥတုလည်း အရမ်းပူ၊ သောက်ရေ ရှားပါးမှုနဲ့ ကြုံနေရတော့ တော်တော်လေး ဒုက္ခရောက်နေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

“ကျွန်တော်တို့ ရွာမှာ သောက်သုံးရေ ရရှိရေးအတွက် အကူအညီတွေ အမြန်ဆုံး လိုနေပါတယ်။ ကူညီပေးဖို့လည်း တောင်းဆိုပါတယ်။ အဝိစီတွင်း တူးရင် ရေရနိုင်ခြေရှိပေမယ့် ဆင်းရဲနွမ်းပါးတဲ့ ရွာသားတွေ အနေနဲ့ ငွေကြေး မတတ်နိုင်တာကြောင့် မတူးနိုင်ဘူး ဖြစ်နေတယ်။

“နိုင်ငံတော်အစိုးရ၊ ဒါမှမဟုတ် အဖွဲ့အစည်းတွေ၊ ဒါမှမဟုတ် အလှူရှင်တွေက ဖြစ်ဖြစ် သောက်သုံးရေ ရရှိရေးအတွက် အကူအညီပေးဖို့ ဒေသခံတွေက တောင်းဆိုပါတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။ 

ယခင်က ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် သောက်သုံးရေ ရရှိရေးအတွက် NGO များက အကူအညီပေးခဲ့ကြသော်လည်း ယခုအခါ NGO များကို ပိတ်ပင်ထားသည်။ သို့သော်လည်း ICRC နှင့် WFP တို့ကို ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် အကူအညီများ ပေးအပ်ရန် ခွင့်ပြုထားသည်များ ရှိပြီး၊ ICRC မှ သောက်သုံးရေ ရရှိရေးအတွက် လုပ်ဆောင်ခဲ့သည်များလည်း ရှိသည်။ 

ဘူးသီးတောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သော်လည်းကောင်း၊ ICRC ကဲ့သို့ အဖွဲ့အစည်းကို ခွင့်ပြုခြင်းဖြင့်သော်လည်းကောင်း ဘုရားပြင်အောင်ပ ကျေးရွာတွင် သောက်သုံးရေ ရရှိရေးအတွက် မြို့နယ် အုပ်ချုပ်ရေးမှူးမှ စီစဉ်ပေးပါရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ