မောင်တော ရွာသစ်ရွာတွင် ဟိန္ဒူအိမ် ၃ လုံး မီးလောင်
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ် (၄) ရပ်ကွက် ရွာသစ်ရွာ ဟိန္ဒူဘုရားကျောင်းအနီးရှိ ဟိန္ဒူလူမျိုးများ နေထိုင်သည့် အိမ် (၃) လုံး မီးလောင်ပြာကျသွားခဲ့သည်။

မေလ (၂၀) ရက်နေ့ ည (၁၁) နာရီကျော် အချိန်တွင် မောင်တောမြို့နယ် အမှတ် (၄) ရပ်ကွက် ရွာသစ်ရွာ ဟိန္ဒူဘုရားကျောင်းအနီးရှိ အိမ်တစ်လုံးမှ မီးစတင်လောင်ကျွမ်းရှိ နေအိမ် (၃) လုံး ပြာကျသွားခဲ့သည်။ ယင်းနေအိမ်များသည် ဟိန္ဒူလူမျိုးများ နေထိုင်ကြသော အိမ်များ ဖြစ်ကြသည်။ 

မောင်တော မီးသတ်တပ်ဖွဲ့ရုံးနှင့် တစ်ဖာလုံခန့်အကွာတွင် တည်ရှိနေသော နေအိမ်များ ဖြစ်သဖြင့် မီးသတ်ကားများ အချိန်မီရောက်ရှိလာပြီး မီးကို အချိန်အနည်းငယ်အတွင် ငြိမ်းသတ်နိုင်ခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

ရွာသစ်ရွာ ဟိန္ဒူရွာသည် ရွာသစ်ရွာ ရခိုင်ရွာနှင့် ကပ်လျက်တည်ရှိသည်။ ရွာသစ်တွင် ဟိန္ဒူနှင့် ရခိုင်လူမျိုးများ နေထိုင်ကြသည်။ ဟိန္ဒူများနေထိုင်သော ရွာသစ်ရွာ၏ အရှေ့ပိုင်းကို ရွာသစ်ဟိန္ဒူရွာဟု ခေါ်သည်။ 

မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်မှ မိသားစုဝင်များသည် မိသားစုဝင်တစ်ဦး နာမကျန်းဖြစ်နေ၍ မိသားစုဝင်များ အားလုံး လူနာနှင့်အတူ ဆေးရုံသို့ ရောက်ရှိနေသည်။ နေအိမ်တွင် လူမရှိသည်ကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါး သုံးစွဲသူများက ဝင်ရောက်၍ ဆေးရှုရာမှ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ယူဆနေကြသည်။ 

ယခုအခါ မောင်တောမြို့နယ်တွင် မူးယစ်ဆေးဝါးလုပ်ငန်း ယခင်ကထက် ပိုမို ကျယ်ပြန့်စွာ လုပ်ကိုင်နေသဖြင့် မူးယစ်ဆေးဝါး သုံးစွဲသူ အရေအတွက် ပိုမိုများပြားလာနေသည်။ 

“မောင်တောမြို့ထဲကို ဝင်သွားရင် မူးယစ်ဆေးဝါး သုံးနေတဲ့လူ အနည်းဆုံး ၁၀ ယောက်လောက်တော့ တွေ့ရတယ်။ အများစုက ရခိုင်လူမျိုးတွေပါ။ မူးယစ်ဆေးဝါး လုပ်ငန်းတွေကို လက်နက်ကိုင် တပ်ဖွဲ့တွေ ဖြစ်တဲ့ စစ်တပ်၊ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေက အရာရှိကြီးတွေနဲ့ သြဇာရှိတဲ့ ရခိုင်လူမျိုးတွေ ပါဝင် ပတ်သက်နေတာကြောင့် တိုက်ဖျက်ဖို့ မလွယ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

အစိုးရ လက်နက်ကိုင် တပ်ဖွဲ့ အရာရှိကြီးများက WY စာတမ်းပါ စိတ်ကြွဆေးပြားများကို မောင်တောမြို့ထိ သယ်ဆောင်လာပြီး ရခိုင်နှင့် ရိုဟင်ဂျာ WY လုပ်ငန်းရှင်ကြီးများထံ ရောင်းချပြီး၊ ၎င်းတို့မှတစ်ဆင့် မြို့နယ်တွင်း ဖြန့်ဖြူးသည်။ လုပ်ငန်းရှင်ကြီးများက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်း တင်ပို့ကြသည်။ မောင်တောမြို့နယ်တွင်းတွင်လည်း သုံးစွဲသူ အရေအတွက် တစ်နေ့တစ်ခြား ပိုမိုများပြားလာနေသည်ဟု ဒေသခံများက ဆိုကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ