ဘူးသီးတောင်မြို့နယ် အမှတ် (၂၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း မီးလောင်
ကျော်စိုး Rohingya Today
ဖုံညိုလိပ်စခန်း မီးလောင်နေသည်ကို အဝေးမှ မြင်တွေ့ရပုံ

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၊ လေးမြို့ကျေးရွာအုပ်စု ကြာညိုပြင် ရခိုင်ရွာနှင့် ပျားရည် ရခိုင်ရွာ ကြားရှိ ဖုံညိုလိပ်စခန်းဟု လူသိများသည့် အမှတ် (၂၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း၏ ဂိတ်ဝရှိ ဓမ္မာရုံ အဆောင်မှ ယနေ့ မေလ (၁၉) ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် မီးစတင်လောင်ကျွမ်းပြီး အခြားအဆောင်များသို့ မီးကူး၍ ဆက်လက် လောင်ကျွမ်းခဲ့သည်။

အမှတ် (၂၁) စခန်းသည် ညောင်ချောင်း အခြေစိုက် နယ်မြေစခန်း (၁၁) ၏ လက်အောက်ခံ စခန်းခွဲဖြစ်သည်။ ယင်းစခန်းရှိ နယ်ခြားစောင့်ရဲများကို ဧပြီလ (၁၂) ရက်နေ့က စံဂိုးတောင်ကျေးရွာအုပ်စု၊ နွားရုံတောင်ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း ရုပ်သိမ်းသည့်နေ့တွင် တပ်မတော် တပ်ရင်း (၅၅၁) သို့ ခေါ်ဆောင်သွားခဲ့သည်။ ယင်းနေ့က နွားရုံတောင် စခန်းကို နယ်ခြားစောင့်ရဲများ ကိုယ်တိုင် မီးရှို့သွားခဲ့သော်လည်း စခန်းအမှတ် (၂၁) ကို မီးမရှို့ဘဲ ပကတိအတိုင်း ထားခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

စခန်း (၂၁) မီးလောင်နေသည်ကို အဝေးက မြင်ရပြီးနောက် မီးလောင်နေသည့်သတင်းသည် ဘူးသီးတောင်မြို့နယ် တစ်မြို့နယ် ပျံ့နှံ့သွားသော်လည်း အာဏာပိုင်များနှင့် အစိုးရလက်နက်ကိုင် အဖွဲ့များက လာရောက်ကြည့်ရှုခြင်း မရှိသေးကြောင်း ဒေသခံများက ဆိုကြသည်။

“ည ၁၁ နာရီကျော်လောက်မှာ မီးစလောင်တယ်၊ မီးရှို့တာလား၊ ပေါ့ဆမီးလား ဆိုတာတော့ မသိဘူး။ ဖုံညိုလိပ်ရွာနဲ့ ချောင်းတစ်ဖက်ကမ်းမှာ ရှိနေတော့ သွားကြည့်လို့လည်း မရဘူး။ စခန်းမှာ တပ်ဖွဲ့ဝင်တွေ မရှိတာတော့ တစ်လကျော်နေပြီ။ ဒေသခံတွေကတော့ အဲဒီဘက်မှာ အေအေ အဖွဲ့က လှုပ်ရှားနေတော့ သူတို့ ဝင်မနေနိုင်အောင် နယ်ခြားစောင့်ရဲတွေ လာပြီး မီးရှို့လိုက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြတယ်” ဟု ဖုံညိုလိပ် ကျေးရွာသားတစ်ဦးက ပြောပါသည်။ 

စခန်း (၂၁) သည် ပျားရည်ရွာနှင့် ကြာညိုပြင် ရွာကြားတွင် တည်ရှိသော်လည်း ကြာညိုပြင်ရွာနှင့် အနည်းငယ် အလှမ်းဝေးပြီး ပျားရည်ရွာနှင့် ကပ်လျက်ရှိသည်။ ပျားရည်ရွာတွင် ယခင်က အိမ်ခြေ ၃၀ ကျော်ရှိသော်လည်း ကမ်းပြို၍ ပျက်စီးမှုကြောင့် ယခုအခါ အိမ်ခြေ ၅ လုံးသာ ကျန်ရှိတော့သည်။ အိမ် ၅ လုံးအနက် တစ်လုံးတွင်သာ လူနေပြီး ကျန်အိမ်များမှ မိသားစုများသည် ကြာညိုပြင်နှင့် ဖုံညိုလိပ်ရွာများသို့ ပြောင်းရွှေ့ သွားကြသည်။ 

စခန်း (၂၁) ၏ အနောက်ဘက် ကပ်လျက်တွင် ပျားရည်ရွာ၊ အရှေ့ဘက်တွင် ကြာညိုပြင်ရွာ၊ မြောက်ဘက်တွင် လယ်ကွင်းပြင်ကြီးနှင့် တောင်ဘက်တွင် စိုင်းဒင်ချောင်းတို့ တည်ရှိပြီး စိုင်းဒင်ချောင်း၏ တစ်ဖက်ကမ်းတွင် ဖုံညိုလိပ်ကျေးရွာ တည်ရှိသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ