ဘူးသီးတောင် ကကျက်ဘက်ကံပြင်တွင် ရဲတပ်ကြပ်ကြီးတစ်ဦးက ရွာသားများကို မဟုတ်မမှန် လုပ်ကြံစွပ်စွဲ ခြိမ်းခြောက်၍ အတင်းအဓမ္မ ငွေညှစ်နေ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စုတွင် ရဲတပ်ကြပ်ကြီး တစ်ဦးက အရပ်သား ဝတ်စုံဝတ်ဆင်၍ ရွာသားများကို မဟုတ်မမှန် အမျိုးမျိုးစွပ်စွဲ ခြိမ်းခြောက်ပြီး အတင်းအဓမ္မ ငွေညှစ်လျက်ရှိသည်။

ဘူးသီးတောင်မြို့နယ်၊ ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စု၊ တပ်ရာရွာ (ဇော်ဘော်ရွာ) သည် မြို့မရဲစခန်း လက်အောက်ခံ နယ်မြေမဟုတ်သော်လည်း ရဲတပ်ကြပ်ကြီး ဦးထွန်းသာသည် တပ်ရာရွာသို့ နေ့ညမရွေး အရပ်သားဝတ်စုံဖြင့် ဝင်ရောက်၍ ၎င်း၏ လက်ကိုင်တုတ် တပည့်များ၏ နေအိမ်များသို့ သွားရောက်၍ WY စိတ်ကြွဆေးပြားများ အတူတကွ သုံးစွဲပြီး ဒေသခံရိုဟင်ဂျာများကို အနှောက်အယှက်ပေးခြင်း၊ ညအချိန်တွင် အပြစ်မဲ့ ရိုဟင်ဂျာများ၏ နေအိမ်များသို့ ကျူးကျော်ဝင်ရောက်၍ မဟုတ်မမှန် လုပ်ကြံစွပ်စွဲ ခြိမ်းခြောက်ပြီး အတင်းအဓမ္မ ငွေညှစ်လျက်ရှိကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

အောက်တိုဘာလ (၂၃) ရက်နေ့ နံနက် ၁ နာရီအချိန်တွင် ဒေါက်တာနဇီရ်၏ နေအိမ်သို့ ဧည့်စာရင်း စစ်ဆေးရန်ရှိသည်ဟု ဆိုကာ ဝင်ရောက်၍ ဥပဒေနှင့် ဆန့်ကျင်သည်အရာ မတွေ့ရှိခဲ့သော်လည်း ငွေကျပ် တစ်သိန်းနှစ်သောင်း အတင်းအဓမ္မ ညှစ်ယူခဲ့ကြောင်း တပ်ရာရွာသားတစ်ဦးက ပြောပါသည်။

နိုဝင်ဘာလ (၉) ရက်နေ့ နံနက် ၃ နာရီအချိန်တွင် ဦးထွန်းသာသည် တပ်ရာရွာရှိ မရှိဆင်းရဲသားတစ်ဦး ဖြစ်သည့် ဦးအဗ်ဒူရ်ရာဟ်မာန် (ဘ) ဦးအလီဟူစိန်း (အသက် ၆၅ နှစ်) ၏ နေအိမ်သို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တစ်ဦးတစ်ယောက်မှ လိုက်ပါခြင်းမရှိဘဲ ကျူးကျော်ဝင်ရောက်၍ ဦးအဗ်ဒူရ်ရာဟ်မာန်၏ သမီးတစ်ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသည်ကို အကြောင်းပြု၍ အမျိုးမျိုး ခြိမ်းခြောက်ပြီး ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့သည်။

ဦးထွန်းသာသည် ယခင်က အလွန်ဆင်းရဲခဲ့သော်လည်း ယခုအခါ သန်းပေါင်းများစွာ ချမ်းသာနေပြီး၊ ငါက ဘူးသီးတောင် ဒေသခံဖြစ်တာကြောင့် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး၊ မကြောက်ဘူး ဟု အမြဲအော်ဟစ် ပြောဆိုလေ့ရှိကြောင်း ဘူးသီးတောင်မြို့ခံတစ်ဦးက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ