ကျောက်တော် အလယ်ကျွန်းကျေးရွာ မိုင်းထောင်နေသူများကို ရိုဟင်ဂျာရွာသားတစ်ဦးက တွေ့ရှိသွားပြီးနောက် အခြေအနေတင်းမာ
ခင်မောင်နိုင် Rohingya Today

ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အလယ်ကျွန်းကျေးရွာအုပ်စုတွင် ရခိုင်ရွာသားများ မိုင်းထောင်နေသည်ကို ရိုဟင်ဂျာများ တွေ့ရှိသွားပြီးနောက် အခြေအနေတင်းမာလျက်ရှိသည်။ 

ယနေ့ မေလ (၁၄) ရက်နေ့ ည ၈း၃၀ နာရီအချိန်တွင် ကျောက်တော်မြို့နယ် အလယ်ကျွန်းကျေးရွာအုပ်စု၌ ရိုဟင်ဂျာများ ဝတ်ပြုနေစဉ် ရခိုင်ရွာသား (၄) ဦး ရွာထဲသို့ ဝင်ရောက်လာပြီး လမ်းဘေးတစ်နေရာတွင် မြေမြှပ်မိုင်းများ ထောင်နေသည်ကို လမ်းသွားနေသည့် ရိုဟင်ဂျာတစ်ဦးက တွေ့မြင်သွားခဲ့သည်။ မိုင်းထောင်နေသည့် ရခိုင်ရွာသား (၄) ဦးက ၎င်းအား ရွာထဲသို့ မသွားရန်၊ ၎င်းတို့နှင့် အတူနေရန် ပြောဆိုနေစဉ် စကားများပြီး အပြန်အလှန် ထိုးကြိတ်ကြသည်။ 

(၄) ဦးနှင့် တစ်ဦး မမျှသဖြင့် ရိုဟင်ဂျာရွာသားက အော်ဟစ်၍ အကူအညီတောင်းခံသဖြင့် ရွာသားများ ရောက်ရှိလာခဲ့သည်။ ရွာသားများ ရောက်ရှိလာသည်နှင့် ရခိုင်ရွာသား (၄) ဦးထွက်ပြေးကြရာ တစ်ဦးကို ဖမ်းဆီးထားနိုင်ခဲ့သည်။ ကျန် (၃) ဦးသည် ထွက်ပြေး၍ ရွှေပြည် ရခိုင်ရွာထဲသို့ ဝင်သွားခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

ထို့နောက် ရိုဟင်ဂျာများက တပ်မ ၉ သို့ တိုင်တန်းခဲ့သည်။ တပ်မ က စစ်သားများ လွှတ်ပေးမည်ဟု ပြောဆိုသော်လည်း ယခုအချိန်ထိ ရောက်ရှိလာခြင်း မရှိသေးဟု ဒေသခံများက ဆိုသည်။ 

ရွှေပြည်ရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ရခိုင်ရပ်မိရပ်မ အချို့က အလယ်ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်ရွာလူကြီးများထံ ဖုန်းဆက်၍ ဖမ်းဆီးထားသည့် ရခိုင်ရွာသားတစ်ဦးကို အမြန်ဆုံး လွှတ်ပေးရန်၊ မလွှတ်ပေးပါက တစ်ရွာလုံး မီးရှို့ပစ်မည်၊ ရွာသားများကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်သဖြင့် ဖမ်းဆီးထားသည့် ရခိုင်ရွာသားကို ည ၁၀ နာရီခန့်တွင် ရွှေပြည်ရွာဘက်သို့ လွှတ်ပေးခဲ့ရသည်။ 

ဖမ်းဆီးထားသူကို ပြန်လည် လွှတ်ပေးလိုက်သော်လည်း ရွာကို လာရောက်မီးရှို့မည်ကို ကြောက်ရွံ့၍ မအိပ်ဘဲ ထိုင်စောင့်နေရသည်ဟု ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ