မောင်တော ကညင်တောကျေးရွာတွင် CNG နှင့် ကားများ အဝင်အထွက် မလုပ်နိုင်အောင် လမ်းပိတ်ထားသဖြင့် ဒေသခံများ အခက်အခဲကြုံတွေ့နေရ
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကညင်တောကျေးရွာတွင် နယ်ခြားစောင့်ရဲများနှင့် ၎င်းတို့၏ လက်ကိုင်တုတ်တစ်ဦး ပူးပေါင်း၍ လမ်းပိတ်ထားသဖြင့် ရွာသူရွာသားများ အခက်အခဲ ကြုံတွေ့နေရသည်။ 

မောင်တောမြို့နယ်၊ ကညင်တော (ယခင် လှဘော်ဇား) ကျေးရွာအုပ်စု ဘောက်ရှုးရွာမှ နယ်ခြားစောင့်ရဲများ၏ လက်ကိုင်တုတ်ဖြစ်သူ ဖိရ်မာမတ်နှင့် နယ်မြေ (၆) မှ နယ်ခြားစောင့်ရဲများ ပူးပေါင်း၍ လှဘော်ဇား ကျေးရွာအုပ်စုကို ဖြတ်သန်း၍ ပေါင်းဇားကျေးရွာအုပ်စုသို့ CNG နှင့် ကားများ အဝင်အထွက် မလုပ်နိုင်အောင် လမ်းတွင် သစ်ငုတ်များ စိုက်ထားပြီး လမ်းပိတ်ထားသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ပေါင်းဇားကျေးရွာအုပ်စုသည် ကညင်တော (လှဘော်ဇား) ကျေးရွာအုပ်စု၏ အနောက်မြောက်ဘက်တွင် တည်ရှိသည်။ ပေါင်းဇားကျေးရွာမှ မောင်တောမြို့ပေါ်သို့ သွားလိုလျှင် ကညင်တောကျေးရွာကို ဖြတ်သန်း၍ သွားရသည်။ ယခုအခါ လမ်းပိတ်ထားသဖြင့် ကျောက်လှေကားရွာဘက်မှ ပတ်၍ နယ်မြေ (၆) စခန်းရှေ့မှ သွားလာနေရသည်။ 

နယ်မြေ (၆) စခန်းရှေ့မှ CNG တစ်စီးဖြတ်လျှင် တစ်ကြိမ်လျှင် ငွေကျပ် တစ်ထောင်၊ ကားတစ်စီးလျှင် စီးကရက်တစ်ဗူးစီ ကောက်ခံလျက်ရှိသည်။ တစ်ခါတစ်ရံ ခရီးသည်များထံမှ ရွာထွက်လက်မှတ် စစ်ဆေးပြီး၊ ရွာထွက် လက်မှတ်မပြနိုင်လျှင် ငွေကျပ် တစ်ထောင် သို့မဟုတ် စီးကရက်တစ်ဗူး ဒဏ်ရိုက်သည်ဟု ဒေသခံများက ပြောပါသည်။ 

ခရီးသည်များသည် ယခင်က တစ်ထောင်၊ တစ်ထောင့်ငါးရာ ပေး၍ သွားလာနိုင်ခဲ့သော်လည်း ယခုအခါ နှစ်ထောင်၊ နှစ်ထောင့်ငါးရာကျပ် အထိ ပေးနေရသည်။ ယခင်က မောင်တောမြို့သို့ တစ်နာရီအတွင်း ရောက်နိုင်ခဲ့သော်လည်း ယခုအခါ ကျောက်လှေကားကျေးရွာကို ပတ်၍ သွားရသဖြင့် တစ်နာရီခွဲအထိ ကြာမြင့်နေသည်။ 

ကညင်တောမှ လမ်းကို ပိတ်ထားရခြင်းမှာ CNG နှင့် ကားများ နယ်မြေစခန်းရှေ့မှသွားလျှင် ငွေကောက်ခံနိုင်ရန် အတွက်သာ ဖြစ်သည်။ နယ်ခြားစောင့်ရဲများ၏ လက်ကိုင်တုတ် ဖြစ်သူ ဖိရ်မာမတ်ဆိုသူသည် နယ်မြေ (၆) နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း၏ အမာခံ သတင်းပေးတစ်ဦး ဖြစ်ပြီး၊ နယ်မြေစခန်းသို့ မဟုတ်မမှန် သတင်းများ ပေးပို့ကာ နယ်ခြားစောင့်ရဲများအား အပြစ်မဲ့ရွာသူရွာသားများထံမှ ငွေညှစ်ခိုင်းပြီး ခွဲဝေစားနေသူလည်း ဖြစ်သည်။ 

ယခုကဲ့သို့ လမ်းပိတ်ထားခြင်းကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ရွာသူရွာသားများက တားဆီးရန် ကြိုးစားသော်လည်း ဖိရ်မာမတ်က နယ်မြေမှူး၏ သြဇာအာဏာကို ပြ၍ ပိတ်ထားခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။ လမ်းကို မတ်လ အလယ်တွင် စတင်ပိတ်ပင်ခဲ့ပြီး၊ ဖိရ်မာမတ်သည် နယ်မြေမှူးနှင့် အလွန်ရင်းနှီး ကျွမ်းဝင်သူဖြစ်သောကြောင့် ရွာသူရွာသားများက တိုင်ကြားရန် ကြောက်ရွံ့နေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ