မောင်တော ပေါင်းဇားကျေးရွာအုပ်စု ကို နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ များ ဝင်ရောက်စစ်ဆေး
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပေါင်းဇားကျေးရွာအုပ်စုသို့ နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ အဖွဲ့ဝင်များ ဝင်ရောက်၍ ရွာသူရွာသားများကို အိမ်ထောင်စု လူဦးရေစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခဲ့သည်။ 

မေလ (၈) ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်တွင် မောင်တောမြို့နယ်၊ အမှတ် (၆) နယ်မြေအပိုင် ပေါင်းဇားကျေးရွာအုပ်စု၊ ပေါင်းဇားရွာ (အာရှိက္ကားဖာရာ) သို့ နယ်မြေ (၆) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ အဖွဲ့ဝင် (၄၀) ခန့် ရောက်ရှိလာပြီး၊ စာသင်ကျောင်းတွင် နေရာယူပြီးနောက် ရွာဆော်မှ တဆင့် ရွာသူရွာသားများကို အိမ်ထောင်စု လူဦးရေစာရင်းနှင့် ဆွဲ၊တင်၊စစ် ၌ ရိုက်ကူးခဲ့သည့် မိသားစုဓါတ်ပုံနှင့် အတူ ကျောင်းသို့ ဆင့်ခေါ်ခဲ့သည်။ 

ရွာသူရွာသားများ ရောက်လာသောအခါ မိသားစုတစ်စုချင်းစီကို ဓါတ်ပုံများနှင့် တိုက်ဆိုင် စစ်ဆေးခဲ့သည်။ နေ့လည် ၂ နာရီခွဲ အချိန်တွင် စစ်ဆေးပြီးစီးခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူး စီစဉ်ထားသည့် နေ့လည်စာကို စားသုံးပြီးနောက် နေ့လည် ၃း၃၀ နာရီအချိန်တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။

ရွာသူရွာသားများကို စစ်ဆေးနေစဉ် မိသားစု ၅ စု စစ်ဆေးခံရန် ပျက်ကွက်ခဲ့သဖြင့် အဆိုပါ မိသားစု ၅ စု ကို တစ်စုလျှင် ငွေကျပ် သုံးသောင်းစီ ဒဏ်ရိုက်ခဲ့သည်။ 

မေလ (၉) ရက်နေ့ နံနက် ၈း၃၀ နာရီအချိန်တွင် အဆိုပါ နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ အဖွဲ့ဝင်များသည် ပေါင်းဇားကျေးရွာအုပ်စု၊ ပြင်ဖြူရွာ (ဘောလ်လျားဖာရာ) သို့ရောက်ရှိလာပြီး ရွာအလယ်ပိုင်းရှိ အိမ်အလွတ်တွင် ထိုင်၍ ရွာသူရွာသားများကို ဆင့်ခေါ်၍ ပေါင်းဇားရွာတွင် စစ်ဆေးခဲ့သည့်အတိုင်း စစ်ဆေးခဲ့သည်။ နေ့လည် ၂ နာရီကျော်တွင် နေ့လည်စာ စားသုံး၍ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

နှစ်ရွာစလုံးတွင် တရားမဝင် နေထိုင်နေသူ တစ်ဦးတစ်ယောက်မှ မတွေ့ရှိခဲ့ပေ။ နှစ်ရက်တိတိ လာရောက် စစ်ဆေးသည့် နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ အဖွဲ့ဝင် (၄၀) ဦးခန့်ကို ကျေးရွာအုပ်ချုပ်ရေးမှူးက ငွေကျပ် ၅ သိန်းခန့် ကုန်ကျခံ၍ နေ့လည်စာ၊ ကွမ်း၊ ဆေးလိပ်၊ အချိုရည်များ တိုက်ကျွေးခဲ့ရသည်ဟု ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ