လင်မယားကွာရှင်းမှုတွင် အမျိုးသားဘက်မှ ပေးသည့် လျော်ကြေးငွေကို ကျေးရွာအုပ်ချုပ်ရေးမှူးက ရယူပြီး ကာယကံရှင် အမျိုးသမီးကို မပေး
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဦးလှဖေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက လင်မယားကွာရှင်းမှုတွင် အမျိုးသားဘက်မှ ပေးသည့် လျော်ကြေးငွေကို ရယူပြီး ကာယကံရှင် အမျိုးသမီးကို မပေးဘဲ လိမ်လည်ပြောဆိုနေသည်။

 

ဘူးသီးတောင်မြို့နယ်၊ ဦးလှဖေကျေးရွာအုပ်စုမှ ဦးဟာဘီယူဇာမာ၏ သားဖြစ်သူ ကေဖာယာ ဆိုသူသည် ၂၀၁၈ ခုနှစ် နှစ်စပိုင်းတွင် ယင်းကျေးရွာမှ မဟူဆောင်နာရာဘီဘီနှင့် လက်ထပ်ထိမ်းမြားခဲ့ပြီး၊ ယခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပိုင်းတွင် ၎င်းတို့နှစ်ဦး သဘောတူ လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲခဲ့သည်။ ထို့နောက် မဟူဆောင်နာရာဘီဘီက လျော်ကြေးငွေ ရရှိရန်အတွက် ဖုံညိုလိပ်ကျေးရွာအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ အမှတ် (၂၁) စခန်းသို့ တိုင်တန်းခဲ့သည်။ 

 

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာစ်မော်တူလ္လာက ကေဖာယာ ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ အမှတ် (၂၁) စခန်းသို့ သွားရောက်၍ ဤပြဿနာကို ရပ်မိရပ်ဖများနှင့် အတူ ကျေးရွာတွင် ဖြေရှင်းပေးမည်ဟု ပြောဆို၍ အမှုကို ၎င်း၏ လက်ထဲသို့ အပ်နှံရန် တောင်းဆိုပြီး အမှုကို ၎င်း၏ လက်အောက်သို့ ဆွဲယူသွားခဲ့သည်။ 

 

ယခုလ လဆန်းပိုင်းတွင် ကွာရှင်းထားသူ နှစ်ဦးကို ကျေးရွာအုပ်ချုပ်ရေးမှူးက ၎င်း၏ ရုံးသို့ ဆင့်ခေါ်၍ ကေဖာယာမှ မဟူဆောင်နာရာဘီဘီ ကို လျော်ကြေးငွေ ၆ သိန်းပေးရန် အမိန့်ချမှတ်ခဲ့သည်။ ၎င်းငွေ ၆ သိန်းကို ၎င်း၏ လက်ထဲသို့သာ အပ်နှံရန်နှင့် ၎င်းက မဟူဆောင်နာရာဘီဘီ ကို ပေးမည်ဟု ပြောဆိုခဲ့သည်။ အမှုစီရင်ပြီး နောက်နေ့တွင် ကေဖာယာ ထံမှ အုပ်ချုပ်ရေးမှူးက ငွေကျပ် ၆ သိန်း ရယူပြီး၊ ကာယကံရှင် ဖြစ်သူ မဟူဆောင်နာရာဘီဘီ ကို လွှဲပြောင်း ပေးခြင်း မလုပ်ဘဲ ၎င်း၏ လက်ထဲတွင်သာ ထားခဲ့သည်။ 

 

ကာယကံရှင်ဖြစ်သူ မဟူဆောင်နာရာဘီဘီ က အုပ်ချုပ်ရေးမှူးထံမှ ငွေတောင်းသောအခါ အုပ်ချုပ်ရေးမှူးက ကေဖာယာ ထံမှ ငွေမရသေးဟု ဆိုကာ လိမ်လည် ပြောဆိုလျက်ရှိသည်။ ကာယကံရှင် ဖြစ်သူက အုပ်ချုပ်ရေးမှူး က လိမ်မြဲလိမ်နေသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

 

ကျေးရွာအုပ်ချုပ်ရေးမှူးက ဤအမှုကို ၎င်းကိုယ်တိုင် ဖြေရှင်းပေးမည်ဟု တာဝန်ယူပြီးနောက် ငွေကြေး လိမ်လည် ရယူရန် ဇာတ်ဆင်လိုက်ခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ အထက်အာဏာပိုင်များ အနေဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ယခုကဲ့သို့ လိမ်လည်နေခြင်းကို ထိရောက်စွာ အရေးယူပေးရန် လိုအပ်သည်ဟု ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ