ဘူးသီးတောင် ဘုရားပြင်အောင်ပကျေးရွာ အုပ်ချုပ်ရေးမှူးက ငွေညှစ်ခံထားရသည့် အမျိုးသမီးတစ်ဦးထံမှ ထပ်မံ၍ ငွေညှစ်ရန် ကြိုးစားနေ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဘုရားပြင်အောင်ပကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက ဧပြီလ (၂၃) ရက်နေ့တွင် ငွေညှစ်ထားသည့် အမျိုးသမီးကို ထပ်မံခြိမ်းခြောက်၍ ငွေညှစ်ရန် ကြိုးစားလျက်ရှိသည်။ 

ဘူးသီးတောင်မြို့နယ် ဘုရားပြင်အောင်ပကျေးရွာအုပ်စု အကွက် (၃) မှ ဦးဘာရူး (ကွယ်လွန်) နှင့် ဒေါ်အာနိုဝါရ်ဘေဂမ် တို့၏ သားဖြစ်သူ မောင်ဇီယာဘုလ်ဟောခ် (အသက် ၁၄ နှစ်) သည် ဧပြီလ (၂၂) ရက်နေ့တွင် နံနက်စာ စားပြီးနောက် အားဆေး (Syrup) သောက်ရန် ပြင်ဆင်နေစဉ် ဆေးပုလင်းမှားပြီး ဟင်းခင်း၌ ဖျန်းရန် ထားသည့် ပိုးသတ်ဆေးပုလင်းကို ဖွင့်ခဲ့သည်။ ပုလင်းဖွင့်ပြီးသည်နှင့် အဆိပ်နံ့များသည် ၎င်း၏ နှာခေါင်းထဲသို့ ဝင်သွားသဖြင့် မူးသွားခဲ့သည်။ အဆိပ်နံ့မှန်းသိသွားကြောင့် အချိန်မီ ပုလင်းကို ပြန်ပိတ်ခဲ့သည်။ 

ယင်းကိစ္စနှင့် ပတ်သက်၍ မိသားစုဝင်များက ပြောဆိုနေသည်ကို အိမ်နီးချင်းဖြစ်သူ ရာအိမ်မှူး ဇူဘိုင်ရ် က သိရှိသွားပြီး ဧပြီလ (၂၃) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ တပည့်ဖြစ်သူ ချီးချာ၊ ရာအိမ်မှူး အာနိုဝါရ်တို့နှင့် ပူးပေါင်း၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးမှ တဆင့် ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းသို့ တိုင်တန်းခဲ့သည်။ ထို့နောက် ၎င်းတို့က နယ်ခြားစောင့်ရဲများကို ကျေးရွာသို့ ခေါ်ဆောင်လာပြီး၊ ဒေါ်အာနိုဝါရ်ဘေဂမ် ကို နယ်မြေမှူးမှ ခေါ်နေသည်ဟု ဆိုကာ ဒေါ်အာနိုဝါရ်ဘေဂမ် ကိုလည်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ ခေါ်ဆောင်လာခဲ့သည်။ 

ငွေညှစ်ချင်နေသည့် ရာအိမ်မှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲများက ဒေါ်အာနိုဝါရ်ဘေဂမ်ကို “နင့်သား အဆိပ်သောက်ခဲ့တယ်၊ အဲဒါကြောင့် နင်ထောင်ချခံရမယ်” ဟု ခြိမ်းခြောက်သည်။ ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီး ငွေကျပ် ၁၀ သိန်း တောင်းခံခဲ့သည်။ 

နောက်ဆုံးတွင် နယ်ခြားစောင့်ရဲများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ခြိမ်းခြောက်မှုများကို ကြောက်ရွံ့၍ ငွေကျပ် ၄ သိန်းခွဲ ပေးခဲ့ရသည်။ 

ငွေညှစ်ခံရခြင်းနှင့် ပတ်သက်၍ ဧပြီလ (၃၀) ရက်နေ့တွင် Rohingya Today တွင် ဖော်ပြခဲ့ပြီးနောက် မေလ (၃) ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက ငွေညှစ်ခံရသူ ဒေါ်အာနိုဝါရ်ဘေဂမ် ကို ရာအိမ်မှူး ဇူဘိုင်ရ်မှ တဆင့် ဆင့်ခေါ်၍ “နင့်ဆီက ငွေညှစ်ခဲ့တဲ့သတင်းကို ဘယ်သူ့ကို ပြောပြခဲ့လဲ၊ အခု အဲဒီသတင်း အင်တာနက်ပေါ်တက်လာပြီ၊ အခု နင့်ကို အမှုဖွင့်မယ်၊ အမှုဖွင့် မခံချင်ရင် ငွေ ၁၀ သိန်း ပေးရမယ်” ဟု ပြောဆို၍ ဒေါ်အာနိုဘေဂမ်ကို ၎င်း၏ နေအိမ်တွင် တစ်နေကုန်ပိတ်လှောင်ထားပြီး ည ၆ နာရီ အချိန်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

မေလ (၄) ရက်နေ့တွင် အုပ်ချုပ်ရေးမှူးက ထပ်မံ၍ ဆင့်ခေါ်ပြီး “နင် ဒီကိစ္စကို ဘယ်သူတွေကို ပြောခဲ့လဲ” ဟု ရွာသားအချို့၏ အမည်များကို ရွတ်ဆို၍ ဒီလူကို ပြောလား၊ ဟိုလူကို ပြောလားဟု စစ်ဆေးမေးမြန်းခဲ့သည်။ ဒေါ်အာနိုဝါရ်ဘေဂမ် က မိမိအနေဖြင့် မည်သူ့ကိုမှ ပြောပြခြင်း မရှိခဲ့ကြောင်း ကောင်းမွန်စွာ ဖြေဆိုသော်လည်း အုပ်ချုပ်ရေးမှူးက “နင်ဘယ်သူ့ကို ပြောလဲဆိုတာ မပြောရင် နင့်ကို အမှုဖွင့်မယ်၊ မဟုတ်ရင် ငွေ ၁၀ သိန်း ပေးရမယ်၊ နင် စဉ်းစားပြီး ပြန်လာပြော” ဟု ဆိုကာ ပြန်လွှတ်ပေးခဲ့သည်။ 

ဒေါ်အာနိုဝါရ်ဘေဂမ် က အုပ်ချုပ်ရေးမှူး ညှစ်နေသည့်ငွေကို မပေးသေးသော်လည်း ရာအိမ်မှူးမှ တဆင့် နေ့စဉ် ခြိမ်းခြောက်နေသည်ဟု ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ