ဘူးသီးတောင် ကွန်တိုင်ကျေးရွာတွင် ဆိုင်ခန်းများ၊ စာသင်ကျောင်းနှင့် အာရဗီကျောင်း မီးလောင်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကွန်တိုင်ကျေးရွာတွင် ဆိုင်ခန်းများ၊ စာသင်ကျောင်းနှင့် အာရဗီကျောင်း မီးလောင်ပျက်စီးသွားခဲ့သည်။ 

မေလ (၉) ရက်နေ့ နံနက် ၁း၃၀ နာရီအချိန်တွင် ဘူးသီးတောင်မြို့နယ် ကွန်တိုင်ကျေးရွာအုပ်စုတွင် မီးလောင်မှုဖြစ်ပွားပြီး၊ ဈေးဆိုင်ခန်း (၃၁) ခန်း၊ မူလွန်ကျောင်းမှ အဆောင်တစ်ဆောင်၊ အိမ်သာနှစ်ခန်းနှင့် ရိုဟင်ဂျာများ၏ ဘာသာရေး စာသင်ကျောင်းတို့ မီးလောင်ပြာကျသွားခဲ့သည်။ 

ဦးလာလူး၏ မုန့်ဆိုင်နှင့် ဦးဇာဟီဒုလ္လာ၏ စားကုန်ဆိုင်မှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး၊ မီးမလောင်ကျွမ်းမီ ဆိုင်ကယ်နှစ်စီးဖြင့် ရခိုင်လူမျိုး (၄) ဦး ရွာထဲသို့ ဝင်လာပြီးနောက် ပြန်လည် ထွက်သွားခဲ့သည်ကို ရွာသားများက မြင်တွေ့ခဲ့ခြင်းကြောင့် ရှို့မီးသာ ဖြစ်မည်ဟု ဒေသခံများက Roihngya Today သို့ပြောသည်။

ဦးလာလူး၏ မုန့်ဆိုင်သည် တံခါးမရှိသော ခုံတန်းရှည် အနည်းငယ်ရှိသည့် ဆိုင်ခန်းတစ်ခန်း ဖြစ်ပြီး၊ မီးသတ်ဌာနက ရေးသားသည့်အတိုင်း မီးကြွင်းမီးကျန် ရှိရန် မီးမရှိဟု ဒေသခံများက ဆိုကြသည်။

“လာလူးရဲ့ ဆိုင်က ဆိုင်ခန်းဗြောင်၊ တံခါးလည်းမရှိဘူး။ ခုံတန်းရှည် နှစ်ခုံ သုံးခုံသာ ရှိတယ်။ အဲဒါကြောင့် မီးကြွင်းမီးကျန်ကနေ လောင်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပါ။ ရွာထဲကို ရခိုင်လူမျိုး ၄ ယောက် ဆိုင်ကယ်နှစ်စီးနဲ့ ဝင်လာတယ်။ ပြီးတော့ ထွက်သွားတယ်။ သူတို့ ထွက်သွားတာနဲ့ မီးစလောင်တာ။ အဲဒါကြောင့် ဒါက ရှို့မီးသာ ဖြစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ကွန်တိုင်ကျေးရွာသည် ဘူးသီးတောင်မြို့နှင့် တစ်မိုင်ခန့်သာ ဝေးသည့်နေရာတွင် တည်ရှိပြီး၊ လမ်းပန်းဆက်သွယ်ရေးလည်း အလွန်ချော့မွေ့သည်။ နံနက် ၁း၃၀ နာရီတွင် စတင်မီးလောင်ကျွမ်းပြီး နံနက် ၃ နာရီကျော်ထိ လောင်ကျွမ်းခဲ့သော်လည်း မီးသတ်ကားများ အချိန်မှီ လာရောက်မီးငြိမ်းသတ်ခဲ့ခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ 

နံနက် ၉ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ဝန်ထမ်း ၅ ဦး၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး၊ ပညာရေးဌာနမှ ဝန်ထမ်း နှစ်ဦးနှင့် ဖုံညိုလိပ် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းအမှတ် (၂၁) မှ ဒုရဲအုပ်တစ်ဦးနှင့် တပ်သားတစ်ဦးတို့ မီးလောင်ပြင်သို့ ရောက်ရှိလာပြီး ဓါတ်ပုံများ ရိုက်ကူးပြီးနောက် ဈေးဆိုင်ပိုင်ရှင်များကို ခေါ်ယူ၍ မီးလောင်မှု ဖြစ်ပွားပုံကို မေးမြန်း၍ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

နယ်ခြားစောင့်ရဲ နှစ်ဦးက မီးစတင်လောင်ကျွမ်းခဲ့သည့် ဆိုင်ခန်းများမှ ဆိုင်ရှင်များဖြစ်ကြသည့် ဦးလာလူးနှင့် ဦးဇာဟီဒူလ္လာ တို့နှစ်ဦးကို သီးခြား တွေ့ဆုံပြီး “မင်းတို့နှစ်ယောက် အမှုဖွင့်ခံရမယ်” ဟု ခြိမ်းခြောက်၍ ငွေညှစ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသော်လည်း ကာယကံရှင်များက ဝန်ခံပြောကြားခြင်း မရှိသေးပေ။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ