ဘူးသီးတောင် ကျောက်လှပြင်ရွာရှိ အုတ်စက်တွင် ထိခိုက်ဒဏ်ရာရပြီး သေဆုံးသွားသည့် အလုပ်သမားအတွက် ပိုင်ရှင် နစ်နာကြေး ပေးမည်ဟု ပြောသော်လည်း ယခုထိ ပေးခြင်းမရှိသေး
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ လက်ဝဲဒက်ပြင်ကျယ်ကျေးရွာအုပ်စု၊ ကျောက်လှပြင်ရွာရှိ အုတ်စက်တွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦး လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရရှိပြီးနောက် သေဆုံးသွားခဲ့ပြီး၊ လုပ်ငန်းရှင်က နစ်နာကြေး ပေးမည်ဟု ကတိပေးခဲ့သော်လည်း ယခုထိ မိသားစုဝင်များကို ငွေထုတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်၊ လက်ဝဲဒက်ပြင်ကျယ်ကျေးရွာအုပ်စု၊ ကျောက်လှပြင်ရွာတွင် ဦးအံသာထွန်း (စစ်တွေမြို့ဇာတိ) က အုပ်စက်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည်။ အုတ်များကို စက်များဖြင့် ပြုလုပ်ပြီး၊ ၎င်း၏ လုပ်ငန်းတွင် ဖိုးခေါင်ချောင်းကျေးရွာအုပ်စု ကံဒါးရွာမှ အလုပ်သမား (၄၀) ဦး အလုပ်လုပ်ကိုင်လျက်ရှိသည်။

အုတ်စက်တွင် အလုပ်သမားအချို့က မြေကိုရေနှင့် ရောနှော သမပြီး၊ အချို့က သမပြီးသည့် မြေများကို သယ်ယူပေးရသည်။ အလုပ်သမားတစ်ဦးက ယင်းမြေများကို စက်ထဲသို့ ထည့်ပေးရသည်။ မြေများကို စက်ထဲသို့ ထည့်ပြီးနောက် ခြေထောက်ဖြင့် တွန်းပေးရသည်။

မေလ (၃) ရက်နေ့ နေ့လည် ၃း၃၀ နာရီအချိန်တွင် ဦးအလီဟူဆောင်း (ဘ) ဦးဟာဆူမျာ (အသက် ၃၈ နှစ်) သည် စက်ထဲသို့ မြေထည့်ပြီး ခြေထောက်ခြင်း တွန်းပေးနေစဉ် ခြေထောက်ပါ စက်ထဲသို့ ဝင်သွားခဲ့သည်။ ၎င်း၏ ခြေထောက်သည် စက်၏ ဖိအားဖြင့် ကြိတ်သွားပြီး စက်တွင် တွဲလောင်းချိတ်နေခဲ့သည်။ ၎င်းကို တွဲလျောင်းချိတ်နေသည့် အနေအထားတွင် အလုပ်သမားနှစ်ဦးက ကိုင်မြှောက်ထားခဲ့ရသည်။

အလုပ်သမားများက စက်ကို ပိတ်၍ အုတ်စက်ပိုင်ရှင် ဦးအံသာထွန်းထံသို့ ဖုန်းဆက် အကြောင်းကြားပြီး၊ ဦးအလီဟူဆောင်၏ မိသားစုထံသို့လည်း အကြောင်းကြားခဲ့သည်။

အုတ်စက်ပိုင်ရှင် ဦးအံသာထွန်းသည် ချက်ချင်းဆိုသလို ရောက်ရှိလာပြီး ဦးအလီဟူဆောင်းကို ကိုင်မြှောက်ထားသည့် အလုပ်သမားနှစ်ဦးမှ အပ ကျန်လူများကို အနားတွင် မနေစေဘဲ အဝေးသို့ မောင်းထုတ်ခဲ့သည်။

ညနေ ၅ နာရီအချိန်တွင် ဦးအံသာထွန်းသည် ဘူးသီးတောင် ဆေးရုံမှ လက်ထောက်ဆရာဝန်ဆိုသူ တစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။ လက်ထောက်ဆရာဝန် ဆိုသူက ဦးအလီဟူဆောင်းကို အကျိုးအကြောင်း မေးြန်းပြီး ဆေးနှစ်လုံးကို ခါးတွင် တစ်လုံးနှင့် လက်ဖျံတွင် တစ်လုံး ထိုးပေးခဲ့သည်။ ဆေးထိုးပြီး ၁၀ မိနစ်ခန့် အကြာတွင် ဦးအလီဟူဆောင်း သတိလစ်သွားခဲ့သည်။

ထိုစဉ် ဦးအလီဟူဆောင်း၏ ဇနီးသည် ရောက်ရှိလာသော်လည်း ဦးအံသာထွန်းက အနားပင် ကပ်ခွင့် မပြုခဲ့ပေ။

အုတ်စက်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်သည် ချက်ချင်းဆိုသလိုပင် ဘူးသီးတောင်မြို့အနှံ့ ပျံ့နှံ့သွားသဖြင့် ည ၆ နာရီခန့်တွင် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ အာဏာပိုင်များ၊ မြို့မိမြို့ဖများ ရောက်ရှိလာခဲ့သည်။ ထို့နောက် ဦးအံသာထွန်းက စက်မှ ဝက်အူများကို လွှဖြင့် ဖြတ်၍ ဦးအလီဟူဆောင်းကို စက်ထဲမှ ထုတ်ယူပြီး ည ၇ နာရီကျော်တွင် ဘူးသီးတောင် ဆေးရုံသို့ ခေါ်ဆောင်သွားစဉ် ဆေးရုံဂိတ်ဝသို့ အရောက်တွင် ဦးအလီဟူဆောင်း သေဆုံးသွားခဲ့သည်။

ဦးအံသာထွန်းက ဆေးရုံဂိတ်ဝတွင် ဦးအလီဟူဆောင်း သေဆုံးသွားသဖြင့် ဆေးရုံသို့ ခေါ်သွားရန် မလိုတော့ကြောင်း ပြောဆိုပြီး ရုပ်အလောင်းကို ဦးအလီဟူဆောင်း၏ ဇနီးသည်အား အပ်နှံခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။

ဦးအလီဟူဆောင်း၏ ဇနီးသည်က အမှတ် (၇) ရပ်ကွက်ရှိ ယောက္ခမအိမ်သို့ ရုပ်အလောင်းကို သယ်ဆောင်သွားခဲ့သည်။

ဦးအလီဟူဆောင်း၏ ဇနီးသည်က “ကျွန်မရဲ့ ခင်ပွန်းမှာ အကြွေးတွေ အများကြီး ပေးဖို့ရှိနေလို့ ခင်ဗျားဆီမှာ လာအလုပ်လုပ်နေတာ” ဟု ပြောသဖြင့် ဦးအံသာထွန်းက ငွေကျပ် ၁၀ သိန်းကို နစ်နာကြေး ပုံစံဖြင့် ပေးမည်ဟု ကတိပြုခဲ့သည်။

မေလ (၄) ရက်နေ့ နံနက်ပိုင်းတွင် ဦးအလီဟူဆောင်း၏ ရုပ်အလောင်းကို နေအိမ်သို့ သယ်ယူသွားပြီး နေ့လည်ပိုင်း မြေမြှပ်သဂြိုဟ်ခဲ့သည်။

နစ်နာကြေး ပုံစံဖြင့် ငွေကျပ် ၁၀ သိန်း ပေးမည်ဟု အုတ်စက်ပိုင်ရှင် ဦးအံသာထွန်းက အလုပ်သမား ခေါင်းဆောင်မှ တဆင့် ငွေပို့ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယခုအချိန်ထိ ပေးပို့ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောပါသည်။ 

----

နောက်ဆက်တွဲသတင်း -- မေလ (၉) ရက်နေ့ ညပိုင်း

ဦးအံသာထွန်း ကို တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေ (၉) စခန်းမှ အမှုဖွင့်သောကြောင့် သေဆုံးသွားသူ၏ မိသားစုဝင်များမှ ကြေအေးမှုကို ရယူလို၍ မေလ (၉) ရက်နေ့ နေ့လည်ပိုင်းတွင် ငွေကျပ် (၁၀) သိန်း ကို မိသားစုဝင်များထံ ပေးပို့ပြီး သေဆုံးသွားသူ ဦးအလီဟူဆောင်း၏ ဇနီးကို ကြေအေးကြောင်း လက်မှတ်ထိုးခိုင်းခဲ့သည်။ 

ဦးအလီဟူဆောင်း၏ ဇနီးက ကြေအေးကြောင်း လက်မှတ်ထိုးမပေးသော်လည်း ငွေပေးသူက ငွေကျပ် (၁၀) သိန်း ပေးသွားပြီး၊ ဦးအံသာထွန်းက မေလ (၁၀) ရက်နေ့တွင် လာရောက်တွေ့ဆုံမည်ဟု ငွေလာပေးသူက ပြောဆိုသွားကြောင်း သိရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ