ဘူးသီးတောင်မှ သစ်တောဝန်ထမ်းနှင့် သစ်လုပ်ငန်းရှင်တစ်ဦး ပူးပေါင်း၍ သစ်၊ ဝါး လုပ်ငန်းရှင်များထံမှ ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း စိုင်းဒင်တောင်မှ သစ်လုပ်ငန်းရှင်တစ်ဦးနှင့် သစ်တောဝန်ထမ်းတစ်ဦးတို့ ပူးပေါင်း၍ သစ်၊ ဝါးလုပ်ငန်းရှင်များထံမှ ငွေညှစ်ခဲ့သည်။

မေလ (၁) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း စိုင်းဒင်တောင်မှ သစ်ထုတ်လုပ်ရောင်းချနေသည့် သစ်လုပ်ငန်းရှင် လေးမြို့ကျေးရွာအုပ်စု၊ ကြာညိုပြင်ရွာမှ မောင်ထွန်းသိန်းနှင့် ဘူးသီးတောင် အရှေ့တောင်ပိုင်း တာဝန်ကျ သစ်တောဝန်ထမ်း ဦးသန်းရွှေ တို့ပူးပေါင်း၍ ရိုဟင်ဂျာ သစ်၊ ဝါးလုပ်ငန်းရှင် (၃) ဦးကို မောင်ထွန်းသိန်းက ခုတ်၍ စုပုံထားသည့် သစ်ပုံမှ သစ်များ ခိုးယူခဲ့သည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲပြီးနောက် သစ်တောဝန်ထမ်းဖြစ်သူ ဦးသန်းရွှေက အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် ၇၅၀၀၀/- ညှစ်ယူခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

အကယ်၍ ၎င်းတို့ တောင်းသည့် ငွေမပေးပါက သစ်၊ ဝါး လုပ်ငန်း ဆက်လက်လုပ်ဆောင်ခွင့်ရမည် မဟုတ်ဟု ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။

သစ်တောဝန်ထမ်း ဦးသန်းရွှေနှင့် ကြာညိုပြင်ရွာသား သစ်လုပ်ငန်းရှင် မောင်ထွန်းသိန်း တို့သည် ရိုဟင်ဂျာ သစ်၊ ဝါး လုပ်ငန်းရှင်များကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခြင်းသည် ရိုဟင်ဂျာများ သစ်၊ ဝါး လုပ်ငန်း မလုပ်ကိုင်တော့အောင် တမင်ရည်ရွယ်၍ ခြိမ်းခြောက် ငွေညှစ်ခြင်းဖြစ်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။ 

ငွေညှစ်ခံရသည့် သစ်၊ ဝါး လုပ်ငန်းရှင် (၃) ဦးမှာ --

(၁) ဦးမာမတ်ဆုလ်တာန် (ဘ) ဦးနုရ်အာမီးန် (အသက် ၃၀ နှစ်) ကင်းတောင်ကျေးရွာ - ညှစ်ခံရငွေကျပ် ၂၅၀၀၀/-

(၂) ဦးဆော်လာမတ်အုလ္လာ (ဘ) ဦးအဒူဆော်လာမ် (အသက် ၃၁ နှစ်) ကင်းတောင်ကျေးရွာ - ညှစ်ခံရငွေကျပ် ၂၅၀၀၀/-

(၃) ဦးအာမိရ်တာဟဲရ် (ဘ) ဦးအော်တီဇော်မာ (အသက် ၃၅ နှစ်) အတွင်းငှက်သေကျေးရွာ - ညှစ်ခံရငွေကျပ် ၂၅၀၀၀/- တို့ဖြစ်ကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ