ဘူးသီးတောင် ငါးကျဉ်တောက်တွင် တဖက်နိုင်ငံ၌ ခိုလှုံနေသည့် ဒုက္ခသည်များ၏ အိမ်နှင့် အိမ်ခြံမြေများတွင် ယာယီနေထိုင်သည့် ဆွေမျိုးများထံမှ ငွေကြေးကောက်ခံမည်ဟု ကြေညာ
သိမ်းဝေ Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ငါးကျဉ်တောက်ကျေးရွာအုပ်စုတွင် တဖက်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသည့် ဒုက္ခသည်များ၏ အိမ်နှင့် အိမ်ခြံမြေများတွင် ယာယီနေထိုင်နေသည့် ဆွေမျိုးများထံမှ ငွေကြေးကောက်ခံမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ကြေညာထားသည်။

ငါးကျဉ်တောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သိန်း သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေသည့် ဒုက္ခသည်များ၏ နေအိမ်များထဲသို့ ဝင်ရောက် နေထိုင်ခြင်း (သို့မဟုတ်) ခြံများတွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းများ ပြုလုပ်လျက်ရှိကြသည့် ဆွေမျိုးများထံမှ မြို့နယ်အုပ်ချုပ်ရေးမှူး၏ အမိန့်အရ နိုဝင်ဘာလ (၁၅) ရက်နေ့မှစ၍ တစ်အိမ်လျှင် ငွေကျပ် ငါးသောင်းကျပ်စီ ကောက်ခံသွားမည်ဟု နိုဝင်ဘာလ (၁၄) ရက်နေ့ ည ၇ နာရီအချိန်တွင် ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူးများမှ တဆင့် ကြေညာခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

ငါးကျဉ်တောက်ကျေးရွာအုပ်စုတွင် ရှိကြသည့် အောင်လံပြင်၊ သရေကုန်တန်း၊ ငါးကျဉ်တောက် စသည့် ကျေးရွာများမှ ၂၀၁၇ သြဂုတ်လ ဖြစ်စဉ် နောက်ပိုင်း အစိုးရ၏ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် ရိုဟင်ဂျာအိမ်ခြေ ၇၀၀ ကျော် နေရပ်စွန့်ခွာ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံလျက်ရှိပြီး၊ ယခုရွာများထဲတွင် ဒိုင်းနက်လူမျိုး အိမ်ခြေ (၁၀၀) အပါအဝင် စုစုပေါင်း အိမ်ခြေ (၃၅၀) ခန့်သာ ကျန်ရှိနေကြောင်း ရွာသားတစ်ဦးက ပြောပါသည်။

“မနှစ်က သြဂုတ်လ ဖြစ်စဉ်နောက်ပိုင်းမှာ ရွာသားတွေ နေရပ်စွန့်ခွာသွားပြီး သူတို့အိမ်တွေထဲက ပစ္စည်းတွေကို ရွာက ဒိုင်းနက်လူမျိုးတွေက လုယက်ခဲ့တဲ့အပြင် အိမ်တိုင်တွေ အချို့ကိုပါ ဖြုတ်ယူသွားတယ်။ အဲဒီလို လုပ်နေလို့ နေရပ်မစွန့်ခွာဘဲ ကျန်ရှိနေတဲ့ ဆွေမျိုးတွေက အဲဒီအိမ်တွေ ဖျက်ဆီးမသွားအောင် ထိန်းသိမ်းတဲ့ သဘောနဲ့ ဝင်ပြီး နေထိုင်တယ်။ အိမ်တိုင်တွေပါ ဖြုတ်ယူသွားတဲ့ ခြံတွေမှာ ဟင်းသီးဟင်းရွက် စိုက်ပျိုးနေတာတွေ ရှိတယ်” ဟု အဆိုပါ ရွာသားက ပြောသည်။ 

ငါးကျဉ်တောက်ကျေးရွာအုပ်စု တစ်ခုလုံးတွင် ဒုက္ခသည်များ၏ နေအိမ်များတွင် ဝင်ရောက်နေထိုင်လျက်ရှိကြသည့် ဆွေမျိုး မိသားစု ၂၀ စုခန့်ရှိပြီး ခြံများတွင် ဝင်ရောက်၍ စိုက်ပျိုးလျက်ရှိသည့် မိသားစု ၇ စုခန့်ရှိသည်ဟု ဒေသခံများက ဆိုသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ