စိုင်းဒင်တွင် ကျန်ရစ်ခဲ့သည့် ရိုဟင်ဂျာများ၏ ဝါး၊ သစ်များကို ရခိုင်ရွာသားများက မီးရှို့ဖျက်ဆီး
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၊ စိုင်းဒင်ချောင်းအနီး၌ စုစည်းထားသည့် ရိုဟင်ဂျာများ၏ ဝါး၊ သစ်များကို သရက်ပြင်ကျေးရွာမှ ရခိုင်ရွာသားများက မီးရှို့ဖျက်ဆီးခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် သစ်၊ ဝါး လုပ်ငန်းရှင်များက သက်ဆိုင်ရာများ၏ ခွင့်ပြုချက်ရယူပြီး၊ ဧပြီလ (၃) ရက်နေ့ နေ့လည် ၂း၃၀ နာရီအချိန်တွင် စိုင်းဒင်တောင်မှ ဝါး၊ သစ်များ ခုတ်ပြီးနောက် စိုင်းဒင်ချောင်းအနီး၌ စုစည်း ပြင်ဆင်နေစဉ် မြန်မာ့တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် လူအုပ်ထဲသို့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် လူအချို့ သေဆုံးပြီး အချို့ ဒဏ်ရာရရှိခဲ့သည်။ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခံရသောကြောင့် စုစည်းထားသည့် သစ်၊ ဝါးများကို ယင်းနေရာတွင်ပင် ထား၍ အသက်လု ထွက်ပြေးခဲ့ကြရသည်။ 

တိုက်ခိုက်ခံရပြီး နောက်ပိုင်းတွင် အာဏာပိုင်များက စိုင်းဒင်သို့ မသွားရန် အမိန့်ထုတ်ပြန်ပြီး၊ စိုင်းဒင်ချောင်းမှ လှေ၊ စက်တပ်လှေ စသည်များကို ဖယ်ရှားလိုက်သောကြောင့် ရိုဟင်ဂျာများ စိုင်းဒင်သို့ သွားရောက်နိုင်ခြင်း မရှိတော့ပေ။

ဧပြီလ (၉) ရက်နေ့တွင် သရက်ပြင်ကျေးရွာမှ မောင်ထွန်းသိန်း (ဘ) ဦးမောင်ဘူး သည် အလုပ်သမား အချို့နှင့် စိုင်းဒင်သို့ သွား၍ ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရသည့် နေရာတွင် ကျန်ရစ်ခဲ့သည့် ဝါးများကို ၎င်း၏ ရွာသို့ သယ်ယူ သွားခဲ့သည်။ (၉) ရက်နေ့မှစ၍ (၁၂) ရက်နေ့ထိ နေ့စဉ် သယ်ယူပြီးနောက် မောင်ထွန်းသိန်းနှင့် ၎င်း၏ အပေါင်းအဖော် ရခိုင်ရွာသားအချို့သည် နောက်ဆုံးနေ့တွင် ကျန်ရှိနေသည့် သစ်ဝါးများကို မီးရှို့ဖျက်ဆီး၍ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

မီးရှို့ဖျက်ဆီးခံရသည့် သစ်နှင့် ဝါးများ၏ တန်ဖိုးမှာ ကျပ် သိန်း ၃၀၀ ကျော် ရှိမည်ဟု ဒေသခံများက ဆိုသည်။ 

ဓါးပြုချောင်းကျေးရွာမှ ဦးဇာဟိတ်ဟူဆောင်း (ဘ) ဦးမာမတ်ဆုလ်တာန် (အသက် ၃၁ နှစ်) ၏ ဝါး ၅ သောင်း တန်ဖိုးအားဖြင့် ကျပ်သိန်း ၁၇၀ ကျော်၊ အလုပ်သမားများ၏ ပစ္စည်း သိန်း ၂၀ ကျော်၊ ဦးဇာဟီဒူလ္လာဟ် (ခ) ကျော်နိုင် (ဘ) ဦးမောဆောန်အလီ (အသက် ၄၀ နှစ်) ၏ ဝါး ၁၅၀၀၀ တန်ဖိုးအားဖြင့် ငွေကျပ် ၅၂ သိန်း၊ ဖုံညိုလိပ်ကျေးရွာမှ ဦးအဘူချေ (အသက် ၆၀ နှစ်) ၏ သစ် ၃ တန် တန်ဖိုးအားဖြင့် ငွေကျပ် ၂၅ သိန်း အပါအဝင် အခြား ရိုဟင်ဂျာများ ကျန်ရစ်ခဲ့သည့် ဝါး၊ သစ် အမြောက်အမြား မီးရှို့ဖျက်ဆီးခံရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ