စစ်တွေမှ ရန်ကုန်၊ မလေးရှားသို့ ရိုဟင်ဂျာများကို လူကုန်ကူးနေသူများကို ဖမ်းဆီးရမိသော်လည်း လာဘ်စား၍ ဖြေရှင်းရန် ကြိုးစားနေ
အောင်ဇံဝေ Rohingya Today
၂၀၁၅ ခုနှစ်တွင် မလေးရှားနိုင်ငံသို့ ရောက်ရှိသွားသည့် စက်လှေတစ်စီး (ဓါတ်ပုံ MAPIM)

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရိုဟင်ဂျာကျေးရွာအုပ်စုများနှင့် ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများကို စည်းရုံးစုဆောင်း၍ စက်လှေ၊ ကားများဖြင့် မလေးရှားနိုင်ငံနှင့် ရန်ကုန်မြို့များသို့ ပို့ဆောင်လျက်ရှိသည့် လူကုန်ကူးသူများကို အာဏာပိုင်များက ဖမ်းဆီးရမိသော်လည်း ငွေကြေး မြောက်မြားစွာ လာဘ်စားပြီး ဖြေရှင်းရန် ကြိုးစားလျက်ရှိသည်။ 

စစ်တွေမြို့ပေါ်ရှိ ရိုဟင်ဂျာများနေထိုင်သည့် ကျေးရွာအုပ်စုများနှင့် ဒုက္ခသည်စခန်းများတွင် အာဏာပိုင်အချို့၏ အကူအညီဖြင့် မရှိဆင်းရဲသည့် ရိုဟင်ဂျာများကို ပေါ်ပေါ်တင်တင် စည်းရုံးစုဆောင်း၍ စက်လှေ၊ ကားများဖြင့် မလေးရှားနိုင်ငံနှင့် ရန်ကုန်မြို့များသို့ ပို့ဆောင်နေသည့် လူကုန်ကူးသူများထံမှ အာဏာပိုင်အဖွဲ့အစည်းများမှ တာဝန်ရှိ ဝန်ထမ်းအချို့က ပုံမှန်ဝေစုခွဲယူလျက်ရှိသည့်အပြင် လူကုန်ကူးသူများအား ဖမ်းဆီးရမိလျှင်လည်း အရေးယူရမည့်အစား ကြီးမားသည့် ငွေပမာဏများ ယူ၍ ညှိနှိုင်းဖြေရှင်းပြီး ပြန်လည် လွှတ်ပေးလိုက်ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

နိုဝင်ဘာလ (၁၃) ရက်နေ့ ည ၉ နာရီခန့်အချိန်တွင် ရဲလုံထိန်းတပ်ရင်း (၃၆) မှ တပ်ရင်းမှူး ဦးအောင်ချစ်မြင့် သည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အတူ ဘုမေကျေးရွာအုပ်စု အုန်းတောရွာမှ မဂ္ဂူလ် (ခ) ဘာရီဇာရ်မဂ္ဂူလ်နှင့် အတူနေထိုင်သည့် ညီဖြစ်သူ ဦးဆော်လိမ်း (အသက် ၄၅ နှစ်) ထံ လာရောက်၍ အတူ ဘီယာသောက်နေခဲ့သည်။ 

ဘီယာသောက်နေစဉ် တပ်ရင်းမှူးက လူကုန်ကူးမှုနှင့် ပတ်သက်၍ မေးမြန်းပြီး ငွေထပ်မံညှစ်ယူရန် ပြောဆိုသည်ကို ဘီယာသောက်ပြီး မူးနေသည့် ဦးဆော်လိမ်းက ဒေါသမထိန်းနိုင်ဘဲ “ကျွန်တော်တို့ ရွာမှာ လူကုန်ကူးတဲ့လူ မရှိဘူး။ လူကုန်ကူးတာလည်း မသိဘူး” ဟု ပြောဆို၍ ငြင်းဆိုလိုက်သောကြောင့် တပ်ရင်းမှူးက ဦးဆော်လိမ်းကို ထိုနေရာတွင်ပင် လူမဆန်စွာ ရိုက်နှက်ပြီး “မင်းတို့ကို လူကုန်ကူးမှုနဲ့ တရားစွဲမယ်၊ မနက်ဖြန် ရုံးကိုလာခဲ့” ဟု ခြိမ်းခြောက်ပြောဆို၍ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

နိုဝင်ဘာလ (၁၆) ရက်နေ့ နောက်ဆုံးသတင်းအရ ဦးဆော်လိမ်း သည် ၎င်း၏ လက်အောက်ငယ်သား ပွဲစားများ ဖြစ်ကြသည့် ဦးမိုဟမ္မဒ်အလီ (ခ) မောင်ရွှေ (ဘ) ဦးအဒူဆော်ဘိ (အသက် ၄၀ နှစ်ခန့်)၊ ဦးအုစ်မာန် (အသက် ၄၀ နှစ်ခန့်)၊ ဦးဇော်ဟိန်း (ဘ) ဦးမဂ္ဂူလ် (အသက် ၃၅ နှစ်) တို့နှင့် ပူးပေါင်းပြီး တပ်ရင်းမှူးနှင့် ဖြစ်ပွားခဲ့သည့် ပြဿနာကို ငွေကျပ် သိန်း ၁၅၀ ကျပ်ပေး၍ ဖြေရှင်းရန် ကြိုးစားဆောင်ရွက်နေသည်မှာ နှစ်ရက်ရှိနေပြီ ဖြစ်ကြောင်း ရွာသားတစ်ဦးက ပြောပါသည်။ 

“ဦးဆော်လိမ်းဆီမှာ ပွဲစားလေးတွေ အများကြီးရှိတယ်။ ပွဲစားလေး တစ်ယောက်က လူတစ်ယောက် စည်းရုံးပေးရင် ငါးသောင်းရတယ်၊ သူ့မှာ စစ်တေမှာရှိတဲ့ ရိုဟင်ဂျာရွာတွေနဲ့ ဒုက္ခသည်စခန်း ၈ ခုလုံးမှာ ပွဲစားလေးတွေ ၅၀ လောက်ရှိတယ်။ စည်းရုံးခေါ်လာတဲ့ လူတွေကို သူတို့ အိမ်ခြံဝင်းထဲမှာ စုဆောင်းပြီးတော့ လိုချင်တဲ့ အရေအတွက် ပြည့်ရင် အုန်းတောနားကပဲ စက်လှေပေါ်တင် ထွက်ကြတာ” ဟု အဆိုပါ ရွာသားက ပြောသည်။

အလားတူ သက္ကေပြင်ကျေးရွာအုပ်စုမှ ဦးမိုဟမ္မဒ်အာမီးန် (အသက် ၄၅ နှစ်) သည်လည်း နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရသည့် ရိုဟင်ဂျာများကို စည်းရုံး၍ ကားများဖြင့် ရန်ကုန်မြို့သို့ တရားမဝင် ပို့ဆောင်နေသည့် လူကုန်ကူးသူတစ်ဦးဖြစ်ပြီး၊ သဲချောင်းမွတ်စလင်ရွာမှ ဦးဆော်လိမ်း (အသက် ၄၇ နှစ်၊ ဦးအဒူဟားလဲက် ကုမ္ပဏီ၏ မြေး) ကလည်း လူများကို စည်းရုံးစုဆောင်းကာ ရေလမ်းနှင့် ကုန်းလမ်း နှစ်မျိုးလုံးသုံး၍ လူကုန်ကူးနေသူတစ်ဦး ဖြစ်သည်ဟု သက္ကေပြင်ရွာသားတစ်ဦးက ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ