ဘူးသီးတောင် အထက်ကျွဲကြိုမော်မှ ထင်းရှာထွက်သည့် ရိုဟင်ဂျာလူငယ် တစ်ဦး အသတ်ခံရ
ကျော်စိုး Rohingya Today
အသတ်ခံရသူ မာမတ်ဂျာကဲရ်

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အထက်ကျွဲကြိုမော်ကျေးရွာအုပ်စု၊ ကာဒီရွာမှ ထင်းရှာထွက်နေသည့် ရိုဟင်ဂျာလူငယ်တစ်ဦး အသတ်ခံရပြီး၊ သတ်ဖြတ်သူများက သတ်ဖြတ်ပြီးနောက် အလောင်းကို ပြိုင်းတောင်ကျေးရွာအုပ်စုရှိ ချောင်းထဲတွင် ပစ်ချထားခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် အထက်ကျွဲကြိုမော်ကျေးရွာအုပ်စု ကာဒီရွာမှ မာမတ်ဂျာကဲရ် (ခ) ကာလာ (ဘ) ဦးဟာဆူးမျာ (အသက် ၂၇ နှစ်) သည် ဧပြီလ (၁၅) ရက်နေ့ နံနက် ၈ နာရီကျော်တွင် လှေငယ်တစ်စီးဖြင့် ချောင်းကမ်းတစ်လျှောက် ဒီရေတောထဲ ထင်းရှာထွက်ပြီး၊ ပြိုင်းတောင်ကျေးရွာအုပ်စု တောင်ပေါ်ရွာ (ဒိုင်းနက်ရွာ) ၏ အရှေ့ဖက် ချောင်းကမ်း၌ ထင်းခုတ်ခဲ့သည်။ 

မာမတ်ဂျာကဲရ် သည် ညနေ နေဝင်ချိန်အထိ အိမ်သို့ ပြန်ရောက်မလာသဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ရာ ၎င်း၏ လှေငယ်ကို ချောင်း၌ လူမပါဘဲ အလွတ် မျှောနေသည်ကို တွေ့ရှိခဲ့သည်။ 

ယနေ့ ဧပြီလ (၁၆) ရက်နေ့တွင် ဆက်လက်၍ ရှာဖွေရာ ပြိုင်းတောင်ကျေးရွာအုပ်စု တောင်ပေါ်ရွာ (ဒိုင်းနက်ရွာ) အနီးရှိ ချောင်းကမ်း ရေစပ်၌ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

မျက်နှာ၊ ရင်ဘတ်နှင့် ယောကျ်ားလိင်အင်္ဂါတို့တွင် ဒဏ်ရာများ တွေ့ရှိရပြီး၊ တောင်ပေါ်ရွာမှ ဒိုင်းနက်များ သတ်လိုက်သည်ဟု ဒေသခံများက ယုံကြည်နေကြသည်။ 

“မျက်နှာနဲ့ ရင်ဘတ်၊ ပြီးတော့ လိင်အင်္ဂါတွေမှာ ဒဏ်ရာတွေ တွေ့ရတယ်။ ကျွန်တော်တို့ကတော့ ပြိုင်းတောင်အုပ်စု တောင်ပေါ်ရွာက ဒိုင်းနက်တွေ သတ်လိုက်တယ်လို့ ထင်တယ်။ အသတ်ခံရသူက ဒိုင်းနက်တွေနဲ့ တော်တော်လေး ရင်းနှီးသူလည်း ဖြစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

မာမတ်ဂျာကဲရ်သည် ငယ်စဉ်ကတည်းက ရခိုင်၊ ဒိုင်းနက်များနှင့် ရင်းနှီးစွာ ပေါင်းသင်း နေထိုင်သူဖြစ်သည်။ ၎င်းသည် ဒိုင်းနက်ရွာသားများထံတွင် လယ်လုပ်သားအဖြစ် လုပ်ကိုင်နေသူ ဖြစ်သောကြောင့် ဒိုင်းနက်များနှင့် ပိုမို သိကျွမ်းရင်းနှီးသူလည်း ဖြစ်သည်။ 

ကာဒီရွာသားတစ်ဦးက “သူထင်ရှားထွက်နေတဲ့အချိန်မှာ ချောင်းနဲ့ တောင်ပေါ်ရွာကြား လယ်ပြင်က ဒိုင်းနက်ပိုင် နွားရုံထဲမှာ ဒိုင်းနက်တွေက သူ့ကို လဘက်ရည်သောက်ဖို့ ခေါ်လို့ လဘက်ရည်သွားသောက်သေးတယ်” ဟု ပြောသည်။ 

မာမတ်ဂျာကဲရ်၏ ရုပ်အလောင်းကို ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံးမှ ညွန်ကြားချက်အတိုင်း နံနက် ၁၁ နာရီခန့်တွင် ဘူးသီးတောင် ဆေးရုံသို့ ခွဲစိတ် စစ်ဆေးရန် ပို့ဆောင်ခဲ့သည်။ ဘူးသီးတောင် ဆေးရုံမှ ညနေပိုင်းတွင် ရုပ်အလောင်း ပြန်ထုတ်ပေးပြီးနောက် နေအိမ်သို့ သယ်ဆောင်လာပြီး နေဝင်ချိန်တွင် မြေမြှပ် သဂြိုဟ်ခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ