စစ်တပ်မှ တပ်ကြပ်ကြီးတစ်ဦးနှင့် လက်ကိုင်တုတ်တစ်ဦး ပူးပေါင်း၍ ဝါးခုတ်သမား ထံမှ ငွေညှစ်
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာ အခြေစိုက် တပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦးနှင့် လက်ကိုင်တုတ်တစ်ဦးတို့ ပူးပေါင်း၍ ဝါးခုတ်သမားတစ်ဦးထံမှ ငွေညှစ်ယူခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း သရက်ပြင်ကျေးရွာအုပ်စု ရေချမ်းပြင်ကျေးရွာမှ ဦးဂျီယိုရာမာန် (ဘ) ဦးအလီမော်ဒီးန် (အသက် ၃၈ နှစ်) နှင့် ကင်းတောင်ကျေးရွာအုပ်စု ဒုံးသိမ်းရွာ အခြေစိုက် တပ်ရင်း ၅၅၁ မှ တပ်ကြပ်ကြီး စိုးဝင်းတို့ နှစ်ဦး ပူးပေါင်းပြီး အလုပ်သမားငှား၍ စိုင်းဒင်တောင်မှ ဝါးခုတ် ရောင်းချလေ့ရှိသည်။ 

မတ်လ (၂၉) ရက်နေ့တွင် ၎င်းတို့နှစ်ဦးသည် ခုတ်၍ရသမျှ ဝါးများကို ဖောင်ဖွဲ့၍ သယ်ယူလာခဲ့သည်။ ၎င်းတို့၏ ဝါးဖောင်မှ ဝါးအလုံးရေ ၄၀၀ ပျောက်ဆုံးခဲ့သည်ဟု ပြောဆိုခဲ့သည်။ ပျောက်ဆုံးသွားသည့် ဝါးအလုံး ၄၀၀ ကို ၎င်းတို့၏ အလုပ်သမားတစ်ဦး ဖြစ်သူ ဖုံညိုလိပ်ကျေးရွာမှ ဦးနုရ်မာမတ် (ဘ) ဦးအလီဟူဆောင်း (အသက် ၃၂ နှစ်) က ခိုးယူခဲ့သည်ဟု စွပ်စွဲ၍ ဧပြီလ (၂) ရက်နေ့တွင် ဦးနုရ်မာမတ် ထံမှ ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့သည်။ 

“နုရ်မာမတ် ဝါးခိုးတယ်ဆိုတာ ဘာအထောက်အထားမှ မရှိဘူး။ တပ်ကြပ်ကြီး စိုးဝင်းက စစ်တပ်က ဖြစ်တယ်ဆိုတာနဲ့ အာဏာပြပြီး ငွေညှစ်တာ။ နုရ်မာမတ်က ငွေမပေးနိုင်ဘူးဆိုပြီး ငြင်းသေးတယ်။ အဲဒီမှ တပ်ကြပ်ကြီးစိုးဝင်းက ငွေ ငါးသောင်း မပေးရင် မင်းအိမ်ကို လောင်ချာနဲ့ ပစ်ပြီး မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ပြီးတော့ ဖမ်းဆီးထောင်ချမယ်ဆိုပြီးတော့လည်း ခြိမ်းခြောက်တယ်။ အဲဒါကြောင့် နောက်ဆုံးမှာ ငွေ ငါးသောင်း ပေးလိုက်ရတာ” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

တပ်ကြပ်ကြီး စိုးဝင်း က စစ်တပ်မှ တပ်ကြပ်ကြီး ဖြစ်သည်ကို အကြောင်းပြု၍ ရှယ်ယာဝင်၊ လက်ကိုင်တုတ်ဖြစ်သူ ဦးဂျီယိုရာမာန် က အလုပ်သမားများကို အနိုင်ကျင့်လေ့ရှိသည်ဟု အဆိုပါ ဒေသခံက ဖြည့်စွက် ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ