ဘူးသီးတောင် စံဂိုးတောင်ရွာမှ ရခိုင်ရွာသား ၄ ဦးက ရိုဟင်ဂျာတစ်ဦးကို ဓါးပြတိုက်ပြီး သတ်ဖြတ်ရန် ကြိုးစား
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ စံဂိုးတောင်ကျေးရွာအုပ်စုမှ ရခိုင်ရွာသား ၄ ဦးက ရိုဟင်ဂျာတစ်ဦးကို ဓါးပြတိုက်ပြီး သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ စံဂိုးတောင်ကျေးရွာအုပ်စု၊ ဆင်သေပြင်ကျေးရွာမှ ဇော်ကိရ်အာမတ် (ဘ) ဦးကော်ဘိရ်အာမတ် (အသက် ၂၇ နှစ်) သည် ဧပြီလ (၁၄) ရက်နေ့ နေ့လည် ၁၂ နာရီခန့် အချိန်တွင် ဖုံညိုလိပ်ကျေးရွာရှိ ဈေးသို့ ဈေးဝယ်ရန် သွားနေစဉ် စံဂိုးတောင်ကျေးရွာအုပ်စု၊ စားကျက်တောင်ရွာရှိ သုံးဆယ်တစ်ပုံစေတီ အနီးသို့ ရောက်သောအခါ တောင်ကုန်းမှ ရခိုင်ရွာသားတစ်ဦး ထွက်လာပြီး “ခဏလိုက်ခဲ့” ဟု ပြောပြီး ဇော်ကိရ်အာမတ် ကို တောင်ကုန်းအတွင်းသို့ ခေါ်သွားခဲ့သည်။ 

တောင်ကုန်း အတွင်းသို့ ရောက်သည်နှင့် နောက်ထပ် ရခိုင်ရွာသား ၃ ဦး ထွက်လာပြီး ဇော်ကိရ်အာမတ် ကို ဝိုင်းဝန်း ထိုးကြိတ်ပြီး ပါလာသည့် ငွေကျပ် ၂ သိန်းနှင့် လက်ကိုင်ဖုန်းတို့ကို လုယက်ယူခဲ့သည်။ ထို့နောက် ဇော်ကိရ်အာမတ်ကို ဓါးဖြင့် ထိုးသတ်ရန် ကြိုးစားနေစဉ် ရုန်းကန် ထွက်ပြေးလွတ်မြောက် လာခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။

ဇော်ကိရ်အာမတ် ကို ဓါးပြတိုက်ပြီး သတ်ဖြတ်ရန် ကြိုးစားသည့် ရခိုင်ရွာသားများသည် စံဂိုးတောင်ကျေးရွာအုပ်စုမှ ရွာသားများ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ