ခြိမ့်ခြိမ့်သဲသဲ ကျင်းပလေ့ရှိခဲ့တဲ့ ရခိုင်ပြည်က ပျော်စရာ ပွဲတော်တွေ ကပ်သင့်ခံနေရပြီ
ယျာတင် (ရိုဟင်းသား) Rohingya Today
၂၀၁၅ ခုနှစ် မောင်တောမြို့မှ ရခိုင်သြင်္ကန် (ဓါတ်ပုံ - Facebook/Thant Zin Thantzin)

နှစ်သစ်ကူးပွဲတော်ဆိုတာ ပျော်ရွှင်ရခြင်းရဲ့ အမှတ်သင်္ကေတ ဖြစ်ပါတယ်။ လူရယ်လို့ဖြစ်လာတဲ့အခါ ဘဝရှင်သန်ရေးအတွက် အလုပ်တွေလုပ်ရတယ်။ ရုန်းကန်လှုပ်ရှားရတယ်။ ဒီလိုမျိုး တစ်နှစ်ပတ်လုံး အလုပ်လုပ်ခဲ့ရ ရုန်းကန်ခဲ့ရသူတွေဟာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းလျလာတတ်ပါတယ်။ ဒါကြောင့် လူတွေဟာ ပြန်လည်ပြီး အားအင်မွေးကြဖို့နဲ့ လန်းလန်းဆန်းဆန်း ရှိကြဖို့ သူတို့မှာ အပန်းဖြေရာ အားလပ်ရက်တွေ၊ ပွဲတော်တွေ လိုအပ်ပါတယ်။ အထူးသဖြင့် နှစ်သစ်ကူးပွဲတော်တွေမှာ ဝင်နွှဲရင်း အမောတွေ ဖြေဖို့လိုပါတယ်။ အမောတွေကို ဖြေသိမ့်ဖို့မှာ နှစ်သစ်ကူးပွဲတော်တွေက လူတွေကို အထောက်အပံ့ပြုကြပါတယ်။ နှစ်သစ်ကူးပွဲတော်တွေက လူတွေကို နှစ်သစ်အတွက် အားတွေမွေးပေးပါတယ်။ 

လူမျိုးတိုင်း၊ ဘာသာတိုင်းမှာ နှစ်သစ်ကူးပွဲတော် ကိုယ်စီ ရှိနေကြပါတယ်။ ဘာသာရေးဆိုင်ရာ နှစ်ပတ်လည်ပွဲတော်၊ လူမှုရေးဆိုင်ရာ နှစ်ပတ်လည်ပွဲတော် ဆိုပြီးလည်း ထပ်ဆင့်ပွဲတော်တွေ အမျိုးမျိုး ရှိကြပါတယ်။ ဘယ်လူမျိုး ဘယ်ဘာသာဝင်ရဲ့ နှစ်သစ်ကူး ပွဲတော်ဖြစ်ပါစေ နှစ်သစ်ကူးပွဲတော်လို့ဆိုတာနဲ့ ပျော်စရာကဲစရာတွေက ဒွန်တွဲပါလာတတ်ပါတယ်။ 

ဒေသတစ်ခုမှာ နှစ်သစ်ကူးပွဲတော်၊ တခြားပျော်စရာပွဲတော်တွေ စည်ကားခြင်း၊ မစည်ကားခြင်း ဆိုတာ အဲ့ဒီဒေသက လူတွေရဲ့ လူမှုစီးပွားဘဝ အဆင်ပြေခြင်း မပြေခြင်း၊ ငြိမ်ချမ်းခြင်း မငြိမ်းချမ်းခြင်းတွေနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ 

ကံမကောင်းအကြောင်းမလှစွာဘဲ ကျွနု်ပ်တို့ ရခိုင်ပြည်နယ်မှာ ဒီလိုမျိုး နှစ်သစ်ကူးပွဲတော်အပါအဝင် ဘာသာရေး လူမှုရေးဆိုင်ရာ တခြားပျော်စရာပွဲတော်တွေ လွတ်လပ်စွာ ကျင်းပပြုလုပ်ခွင့်မရတာဟာ ပြောရမယ်ဆိုရင် ၂၀၁၂ ခုနှစ် ကတည်းက ဖြစ်ပါတယ်။ ပထမအသုတ်အဖြစ် ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ ဘာသာရေး လူမှုရေး နှစ်ပတ်လည် ပွဲတော်တွေ၊ နှစ်သစ်ကူးအီးဒ်နေ့ ပွဲတော်တွေကို လွတ်လပ်စွာ ကျင်းပခွင့် မရကြဘူး။ ပွဲတော်ကာလရောက်ရင် ဘိုးဘွားတို့ပြောပြဖူးတဲ့ အတိတ်က ပျော်ရွှင်စရာ နေ့ရက်တွေကိုပဲ ပြန်မြင်ယောင်လာရ၊ တွေးမိလာရတာပါပဲ။ လူမျိုးကြီးတစ်မျိုးရဲ့ အမုန်းအာဃာတတွေ၊ ခွဲခြားဆက်ဆံခြင်းတွေ ခါးသီးစွာ ခံနေရတဲ့အတူတူ ရိုဟင်ဂျာတွေရဲ့ ပျော်ရွှင်စရာ နေ့ရက်တွေလည်း တဖြေးဖြေး ကုန်ဆုံးလာခဲ့ရပါတော့တယ်။ ထိုအထဲမှာ နှစ်သစ်ကူးပွဲတော်တွေနဲ့ တခြားပျော်စရာ ပွဲတော်တွေအစုံလည်း ပါဝင်ကြပါတယ်။

ရိုဟင်ဂျာတွေက သူတို့ရဲ့ ပျော်စရာပွဲတော်တွေ ကျင်းပခွင့်မရသည့်တိုင်အောင် ဘေးဝန်းကျင်က ညီအစ်ကို ရခိုင်တွေက သူတို့ရဲ့ပွဲတော်တွေကို ကျင်းပမြဲကျင်းပနေခဲ့ကြတယ်။ အထူးသဖြင့် နှစ်သစ်ကူး သြင်္ကန်ပွဲတော်မှာ ဆိုလို့ရှိရင် သူတို့တစ်တွေဟာ တူညီတဲ့ ဝတ်စုံတွေဝတ်၊ အလှတွေလိမ်းခြယ်၊ ကားတွေကို စီရစီ မောင်းလာရင်း ဘုရားရေသပ္ပါယ်ဖို့ ဘုန်းကြီးကျောင်းထဲကို သူ့အပြီး ကိုယ်ဝင်ကြ ထွက်ကြလုပ်ခဲ့တာတွေ၊ ကကုန်ကြ၊ သီချင်းဆိုကြ၊ ကားတွေနဲ့ ပတ်ကြ၊ ရေလောင်းကြနဲ့ တကဲကဲ ပျော်ကြရွှင်ကြတွေ မြင်တွေ့ခဲ့ရပါတယ်။ ခြိမ့်ခြိမ့်သဲသဲ ဖြစ်ခဲ့တဲ့ သြင်္ကန်ထဲက သူတို့အပျော်တွေဟာ ကိုယ်တွေဆီ ကူးစက်လာခဲ့ပါတယ်။ ဒါက ဘာသာတူခြင်း မတူခြင်း၊ လူမျိုးတူခြင်း မတူခြင်းနဲ့ လားလားများ သက်ဆိုင်မနေပါ။ ''ပျော်ရွှင်မှုနံ့'' မှာ ဘေးပတ်ဝန်းကျင်ကို ပျံ့နှံ့ကူးစက်စေတတ်တဲ့ အာနိသင်ခေါ်ခေါ် အာနုဘော်ခေါ်ခေါ် ပါဝင်နေကြလို့ပါပဲ။ လူတစ်ဦး ပျော်နေတယ်ဆိုရင် သူ့အပျော်တွေဟာ ဘေးလူဆီ ကူးစက်လာတတ်တာ သဘာဝပဲ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ကျွနု်ပ်တို့ ရခိုင်ညီအစ်ကိုတွေဟာ နှစ်သစ်ကူး သြင်္ကန်ပွဲတော်ကို အရင်ကလို ကကုန်ပျော်ပါးပြီး ဖြတ်သန်းဖို့ ကံအကြောင်းဖန်မလာခဲ့ပါဘူး။ တိုင်းရေးပြည်ရေးရဲ့ အခြေအနေကြောင့် သူတို့တစ်တွေဟာ နှစ်သစ်ကူး သြင်္ကန်ပွဲတော်ကို အရင်လို စည်းစည်းကားကား မကျင်းပဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ ဒါဟာ အချိန်အခါက သူတို့ကို ဒီလိုဆုံးဖြတ်စေခဲ့တယ်ဆိုပါတော့။ အရင်နှစ်တွေလို ဘုရားရေသပ္ပါယ်ရေး စည်စည်ကားကားရှိတာ မမြင်ရ၊ sound box ထဲက သီချင်းသံတွေကြား ကကုန်ရင်း ပျော်ပျော်ရွှင်ရွှင် မြို့ပတ်ခဲ့တာတွေ မမြင်ရ၊ လမ်းသွားလမ်းလာရင် အသိမိတ်ဆွေ ရခိုင်တွေက ကိုယ့်ကို ရေလာမလောင်းကြ၊ သူတို့တစ်တွေရဲ့ မျက်နှာတွေကလည်း မရွှင်မပျတဲ့ပုံစံနဲ့ တက်ကြွမှုမရှိကြ၊ ဒီအဖြစ်အပျက်တွေ ကြားထဲမှာ ရိုဟင်ဂျာသားကျွန်တော် တကယ်ပဲ စိတ်မကောင်း ဖြစ်မိပါတယ်။ ကိုယ်ချင်းလည်း စာနာမိလာတယ်။ ကိုယ်တို့ရိုဟင်ဂျာတွေက ဘယ်ပွဲတော်တွေမှ ကျင်းပခွင့်မရသည့်တိုင် ညီအစ်ကိုရခိုင်တွေ သူတို့ရဲ့ ပျော်စရာ ပွဲတော်တွေမှာ ပျော်တာကဲတာ မြင်ရရင် အပျော်တွေ ကိုယ်ဆီ ကူးစက်လာခဲ့တာပဲ မဟုတ်ပါလား။ 

အရင်နှစ်တွေမှာ ကျွနု်ပ်တို့ ရခိုင်ပြည်နယ်က လူမျိုးတိုင်းဟာ သူတို့ရဲ့သက်ဆိုင်ရာ ပျော်စရာပွဲတော်တွေကို ခြိမ့်ခြိမ့်သဲသဲ ပျော်ပျော်ပါးပါး ကျင်းပခဲ့ဖူးတဲ့ အခြေအနေကနေ ယခုလို လူမျိုးတိုင်းရဲ့ပျော်စရာ ပွဲတော်တွေဟာ တိတ်ဆိတ်သွားခဲ့တာ ဘာကြောင့်ပါလိမ့်လို့ တစ်စုံတစ်ဦးက မေးလာခဲ့ရင် ကျွန်တော် ဘယ်လိုဖြေရပါ့မလဲ။ ''လူမျိုးကြီးတစ်စုက သူတို့ရဲ့ အပျော်တွေအတွက် တစ်ခြား အားနည်းတဲ့လူမျိုးတွေရဲ့ ပျော်စရာပွဲတော်တွေကို မညှာမတာ ဖျက်ဆီးပစ်လိုက်တာပါ'' လို့ပဲ ကျွန်တော် ဖြေသွားဖြစ်လိမ့်မယ် ထင်ပါရဲ့။ ကျွန်တော့်အဖြေကို မှားသည် မှန်သည်လို့ ကျွန်တော် ဖြေရှင်းချက်မဖြေလိုပါဘူး။ ကိုယ်မြင်တဲ့အတိုင်း သစ္စာရှိရှိ ရင်ဖွင့်တာပဲ ဖြစ်ပါတယ်။

တကယ်ပါ။ ကျွနု်ပ်တို့ရဲ့ ခြိမ့်ခြိမ့်သဲသဲ ကျင်းပလေ့ရှိခဲ့တဲ့ ရခိုင်ပြည်က ပျော်စရာပွဲတော်တွေဟာ ယခုတော့ ကပ်သင့်ခံနေရပါပြီ။ ကပ်ကလည်း လူမျိုးကြီးတစ်စုရဲ့ ဆိုးရွားလွန်းတဲ့ ကပ်ဖြစ်ပြီး ဒီလို ကပ်သင့်ခံနေရတဲ့ နေ့ရက်တွေဟာ ကျွနု်ပ်တို့ ရခိုင်ပြည်ဖွားတိုင်းရဲ့ နှလုံးသားစာမျက်နှာပေါ်မှာ နာကျင်စွာ ကမ္ပည်းထိုးနေရကြောင်း သက်ဆိုင်သူတွေ သိမှသိပါလေစ။

ကျွနု်ပ်တို့ ရခိုင်ပြည်ကြီး အရင်လို တက်ကြွပျော်မြူး၊ သာယာငြိမ်းချမ်း၊ ဝပြောစည်းကားစရာတွေနဲ့ ပြည့်နှက် လာပါစေ။ ရခိုင်သူ ရခိုင်သားအားလုံးလည်း စစ်ဘေး၊ အန္တရာယ်အဖုံဖုံမှ လွတ်ငြိမ်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး နှစ်သစ်မှာ စိတ်သစ် လူသစ် အားအင်သစ်နဲ့ ငြိမ်းချမ်းရေးကဏ္ဍတွေမှာ ပါဝင်နိုင်ကြပါစေ။ ဒါဟာ လူမျိုးကြီးဝါဒီတွေ ဖျက်ဆီးလိုက်တဲ့ နှစ်သစ်ကူးနေ့မှာ ကျွန်တော် ရိုဟင်ဂျာသားရဲ့ ဆုတောင်းစကား ဖြစ်ပါတယ်။


Related Posts
Maungdaw
ချစ်မြေမွေးရပ်က ဝေးသနှင့်

By ယျာတင် (ရိုဟင်းသား)


နောက်ဆုံးရ သတင်း/ဆောင်းပါးများ