ဘူးသီးတောင် ငကျဉ်တောက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံတို့ ပူးပေါင်း၍ ရွာသားများကို လုပ်ကြံ ခြိမ်းခြောက်၍ ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ငကျဉ်တောက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံတို့ပူးပေါင်း၍ ရွာသားများကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲငွေညှစ်ခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် ငကျဉ်တောက်ကျေးရွာမှ အုပ်ချုပ်ရေးမှူးကို တာဝန်မှ ရပ်စဲပြီးနောက် မတ်လ လဆန်းပိုင်းတွင် ငကျဉ်တောက်ကျေးရွာအုပ်စု ဒိုင်းနက်ရွာမှ ဦးဇော်အေးမောင် ကို မတ်လ တစ်လအတွက် ယာယီအုပ်ချုပ်ရေးမှူး အဖြစ် ခန့်အပ် တာဝန်ပေးခဲ့သည်။ 

ယာယီအုပ်ချုပ်ရေးမှူး ဦးဇော်အေးမောင် သည် ကျေးရွာတာဝန်ခံ၊ စစ်တပ် တပ်ရင်းမှူး၏ လက်ကိုင်တုတ်ဟောင်း ဦးဘော်ရှိရ်အုလ္လာ (ဘ) ဦးအာနိုဝါရ် နှင့် ပူးပေါင်း၍ မတ်လ လလယ်ပိုင်းတွင် ငကျဉ်တောက်ကျေးရွာမှ ဦးရှော်ဘီရောင် (ဘ) ဦးဒူဒူမျာ ၏ သားတစ်ဦးနှင့် ဦးရှော်ဘီရောင် (ဘ) ဦးအေဘာဒူလ္လာ ၏ သမီးတစ်ဦးတို့ တရားမဝင် ပေါင်းသင်း၍ ကိုယ်ဝန် ဖျက်ချခဲ့သည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲ ခြိမ်းခြောက်ကာ တစ်ဦးချင်းထံမှ ငွေကျပ် ၃ သိန်းစီ၊ စုစုပေါင်း ငွေကျပ် ၆ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

မတ်လ လကုန်ပိုင်းတွင် ဦးဇော်အေးမောင်၏ တစ်လတာဝန်ပြီးဆုံးသွား၍ အုပ်ချုပ်ရေးမှူးတာဝန်ကို ပြန်လည် အပ်နှံခဲ့သည်။ ထို့နောက် ဧပြီလ လဆန်းပိုင်းတွင် ဒိုင်းနက်ရွာမှ ဦးအောင်နိုင် ကို အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခဲ့သည်။ 

ဧပြီလ (၁၃) ရက်နေ့ နံနက် ၁၀ နာရီတွင် အုပ်ချုပ်ရေးမှူး အသစ် ဦးအောင်နိုင်နှင့် တာဝန်ခံ ဦးဘော်ရှိရ်အုလ္လာ တို့ ပူးပေါင်း၍ နာမည်တူရှိသည့် ဦးရှော်ဘီရောင် တို့နှစ်ဦးကို အုပ်ချုပ်ရေးမှူး၏ အိမ်သို့ ဆင့်ခေါ်၍ ယခင်က ယာယီအုပ်ချုပ်ရေးမှူး ဦးဇော်အေးမောင် လုပ်ကြံ စွပ်စွဲသည့်အတိုင်း လုပ်ကြံ စွပ်စွဲ၍၊ ယင်းကိစ္စကို တောင်ဘဇာ အခြေစိုက် နယ်မြေ (၉) မှ နယ်မြေမှူးက သိရှိသွားသည့်အတွက် နယ်မြေမှူး၏ မှာကြားချက် အတိုင်း ငွေကျပ် ၄ သိန်း ပေးရမည်၊ မပေးပါက နယ်မြေမှူးက တပ်ဖွဲ့ဝင်များကို လွှတ်၍ ဖမ်းပြီး ထောင်ချမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့သည်။ 

အုပ်ချုပ်ရေးမှူး အသစ် ဦးအောင်နိုင်သည် ၂၀၁၂ ခုနှစ်နှောင်းပိုင်းတွင်လည်း ငကျဉ်တောက်ကျေးရွာတွင် အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုစဉ်က ဒိုင်းနက်လူငယ်များက ရိုဟင်ဂျာများ၏ ကြက်၊ ဘဲများ ခိုးယူခဲ့သည်မှ ဖြစ်ပေါ်ခဲ့သည့် သာမာန်ပြဿနာတစ်ခုကို ဒိုင်းနက်နှင့် ရိုဟင်ဂျာလူမျိုးရေး ပြဿနာအဖြစ် ကြီးကျယ်အောင် ပြုလုပ်ပြီး နယ်မြေ (၉) နှင့် ပူးပေါင်း၍ ရိုဟင်ဂျာများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ လူမဆန်စွာ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့သည်။ 

ဦးအောင်နိုင် သည် ဒေသတွင်း ထိန်းမနိုင်သိမ်းမရအောင် သောင်းကျန်းသည့် လူဆိုးလူကြမ်းတစ်ဦး ဖြစ်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးကို လာဘ်ငွေပေး၍ အုပ်ချုပ်ရေးမှူး ရာထူးရယူကာ ရိုဟင်ဂျာများကို ညှဉ်းပန်းနှိပ်စက်သူ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ