ရသေ့တောင်မှ သက်ကြီးရွယ်အို ရိုဟင်ဂျာတစ်ဦးကို ရခိုင်ရွာသား ၃ ဦးက ထိုးကြိတ် ရိုက်နှက်ပြီးနောက် ငွေညှစ်
ရန်နိုင် Rohingya Today

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း အုတ်ဖိုကျေးရွာအုပ်စု ကံဆိပ်ရွာမှ သက်ကြီးရွယ်အို ရိုဟင်ဂျာတစ်ဦးကို ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ပအိုးသည်မကျေးရွာမှ ရခိုင်ရွာသား ၃ ဦးက ခြေလက်ကျိုးသည့်အထိ ရိုက်နှက်ပြီးနောက် ငွေညှစ်ယူခဲ့သည်။ 

ဧပြီလ (၁၁) ရက်နေ့ နေ့လည်ပိုင်းတွင် ရသေ့တောင်မြို့နယ် မြောက်ပိုင်း၊ အုတ်ဖိုကျေးရွာအုပ်စု ကံဆိပ်ရွာမှ ဦးအာယုပ် (ဘ) ဦးဖေရာန်အလီ (အသက် ၆၀ နှစ်) သည် လှေငယ်တစ်စီးဖြင့် မေယုမြစ်ကို ကူး၍ ကံဆိပ်ရွာ၏ မြစ်တစ်ဖက်ကမ်းရှိ ဘူးသီးတောင်မြို့နယ် ပြိုင်းတောင်ရွာနှင့် ပအိုးသည်မရွာ၏ အရှေ့ဖက် မေယုမြစ်ကမ်းရှိ ဒီရေတော၌ ထင်းရှာနေစဉ် ပအိုးသည်မကျေးရွာမှ ရခိုင်ရွာသား ၃ ဦး ရောက်ရှိလာပြီး ဦးအာယုပ် ကို ဝိုင်းဝန်း ထိုးကြိတ် ရိုက်နှက်ခဲ့သည်။ ရခိုင်ရွာသားများ၏ ရိုက်နှက်မှုကြောင့် ဦးအာယုပ်၏ လက်နှစ်ဖက်ရှိ တံတောင်ဆစ် အဆစ်နှစ်ဖက် လွဲသွားသည့်အပြင် ခြေထောက်နှစ်ချောင်းလည်း မလှုပ်ရှားနိုင် ဖြစ်နေသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ရခိုင်ရွာသားများက ဦးအာယုပ် ကို လူမဆန်စွာ ရိုက်နှက်ပြီးနောက် မည်သည့်ရွာမှ ဖြစ်သည်ကို မေးမြန်းပြီးနောက် ဦးအာယုပ် ကို ဖမ်းဆီးထားကြောင်း၊ ငွေဖြင့် လာရောက် ရွေးယူရမည် ဖြစ်ကြောင်း ကံဆိပ်ရွာသို့ သတင်းပို့ခဲ့သည်။ 

၎င်းတို့ သတင်းပေးပို့ပြီးနောက် ဦးအာယုပ်၏ ဆွေမျိုးသားချင်း လိုက်လာရာ ဦးအာယုပ်သည် လယ်ကွင်းထဲတွင် လဲလျောင်းနေပြီး ရခိုင်ရွာသား ၃ ဦးက တုတ်၊ ဓါးများ ကိုင်ဆောင်လျက် စောင့်နေသည်ကို တွေ့ရှိခဲ့သည်။ ဆွေမျိုးသားချင်းများက အကျိုးအကြောင်း မေးမြန်းသော်လည်း ရခိုင်ရွာသားများက မေးမြန်းသည်ကို ဖြေကြားခြင်း မပြုဘဲ ငွေ နှစ်သိန်းခွဲ ပေးလျှင် ပြန်လွှတ်ပေးမည်ဟုသာ ပြော၍ ငွေတောင်းခံခဲ့သည်။ 

ဦးအာယုပ်၏ ဆွေမျိုးသားချင်းများက ဦးအာယုပ်၏ အခြေအနေ ဆိုးရွားနေသည်ကို တွေ့ရှိနေသောကြောင့် အငြင်းပွားမနေတော့ဘဲ ရခိုင်ရွာသား ၃ ဦး တောင်းခံသည့် ငွေကျပ် နှစ်သိန်းခွဲကို ပေး၍ ဦးအာယုပ် ကို ရွေးယူခဲ့သည်။ ဦးအာယုပ်သည် လမ်းလျှောက်၍ မရသည့်အပြင် မတ်တပ်ရပ်နိုင်ခြင်းပင် မရှိကြောင်း၊ ဆေးကုသမှု ခံယူနိုင်ခြင်း မရှိဘဲ နေအိမ်တွင် လဲလျောင်းနေရသည်ဟု ဒေသခံများက ဆိုသည်။ 

လွန်ခဲ့သည့်နှစ် နှစ်ကုန်ပိုင်းမှစ၍ အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသောကြောင့် တောင်သို့ သွား၍ ထင်းခုတ်ခြင်း၊ မြစ်ချောင်းများသို့ ဆင်း၍ ငါးဖမ်းခြင်းများ လုပ်ခွင့်မရသဖြင့် စားဝတ်နေရေး ကျပ်တည်းမှု ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ ရိုက်နှက်ခံရပြီး ငွေညှစ်ခံရခြင်း ဖြစ်သည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ