ရသေ့တောင် ထွေ/အုပ် စာရေးနှင့် စစ်တွေခရိုင် NLD ပြန်ကြားရေးတာဝန်ခံ တို့က ဗလီပြုပြင်ရန် ခွင့်ပြုချက် ယူပေးမည်ဟု ဆိုကာ ငွေကြေး လိမ်လည်
ရန်နိုင် Rohingya Today

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေးနှင့် စစ်တွေခရိုင် NLD ပြန်ကြားရေးတာဝန်ခံတို့ ပူးပေါင်း၍ အနောက်ပြင် ဗလီ ဂေါပကထံမှ ဗလီပြုပြင်ရန် ပြည်နယ်အစိုးရ၏ ခွင့်ပြုချက် ယူပေးမည်ဟုဆိုကာ ငွေကြေး လိမ်လည်ယူခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယိုယွင်းပျက်စီးနေသည့် ဗလီများကို မူလအတိုင်း ပြန်လည် ပြုပြင်နိုင်သည်ဟု ပြောဆိုခဲ့ပြီးနောက် ရသေ့တောင်မြို့နယ် အနောက်ပြင်ကျေးရွာရှိ ဖျက်ဆီးခံထားရသည့် ရှေးဟောင်းဗလီကြီးကို ဂေါပကအဖွဲ့မှ ပြုပြင်ရန်အတွက် သက်ဆိုင်ရာမှ ခွင့်ပြုချက် ရယူရန် စီစဉ် ဆောင်ရွက်ခဲ့သည်။ 

ထိုသို့ စီစဉ်နေစဉ် ရသေ့တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ စာရေး ဦးသန်းလှိုင်နှင့် NLD ပါတီ စစ်တွေခရိုင်ရုံးမှ ပြန်ကြားရေးတာဝန်ခံ ဦးစိုးသိန်းထွန်း တို့က သက်ဆိုင်ရာ၏ ခွင့်ပြုချက် ရယူပေးမည်ဟု ပြောဆိုကာ ငွေကျပ် ၁၅ သိန်းတိတိ ကို ဗလီဂေါပကထံမှ ဧပြီလ (၃) ရက်နေ့တွင် ရယူခဲ့သည်။ 

ယခုအခါ ဗလီပြုပြင်ခြင်းကို သက်ဆိုင်ရာမှ ခွင့်မပြုနိုင်ဟု ပြောဆိုလာသဖြင့် ဂေါပက အဖွဲ့ဝင်များက ဦးသန်းလှိုင်နှင့် ဦးစိုးသိန်းထွန်း တို့ထံမှ ငွေကျပ် (၁၅) သိန်း ပြန်ပေးရန် တောင်းဆိုသော်လည်း နှစ်ဦးစလုံးက ထိုငွေများကို သုံးလိုက်ပြီ ဖြစ်ကြောင်း၊ ပြန်ပေးရန် အကြိမ်ကြိမ် တောင်းဆိုသောအခါ ဗလီပြုပြင်ရန် ခွင့်ပြုချက် ရယူလိုပါက နောက်ထပ် ငွေကျပ် (၁၀) သိန်း ထပ်ပေးရမည်ဟု ထပ်မံ တောင်းခံနေကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

“ငွေ ၁၅ သိန်း ယူပြီး လိမ်လိုက်တယ်။ ပေးတဲ့ ဂေါပက တွေက လိမ်ခံရမှန်းသိလို့ ပြန်တောင်းတော့ နောက်ထပ် ၁၀ သိန်း ထပ်တောင်းနေတယ်။ နောက်ထပ် ၁၀ သိန်း ပေးရင်လည်း လိမ်ခံရမှာဘဲ။ လိမ်ခံရတဲ့ ငွေကို အကြိမ်ကြိမ် ပြန်တောင်းပေမယ့်လည်း ပြန်မပေးဘူး။ ကတိအတိုင်း လုပ်ပေးပါဆိုတော့လည်း မလုပ်ပေးနိုင်ဘူးလို့ ပြန်ပြောတယ်။ အဲဒီတော့ ဒီလူတွေက အုပ်ချုပ်ရေးက ဖြစ်နေတာရယ်။ အာဏာရပါတီက ဖြစ်နေတာရယ်ကို အကြောင်းပြပြီး လိမ်တာဗျ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

“ကျွန်တော်တို့ကတော့ အခုလို လိမ်လည်ပြီး ငွေယူတဲ့ ဦးသန်းလှိုင်နဲ့ ဦးစိုးသိန်းထွန်း တို့ကို သက်ဆိုင်ရာက အရေးယူတာကို လိုလားတယ်။ အရေးယူပါလို့လည်း တောင်းဆိုတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ