မြန်မာ့တပ်မတော် က လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ရိုဟင်ဂျာအချို့ အသက်ဆုံးရှုံးခံရပြီး အမြောက်အမြား ထိခိုက်ဒဏ်ရာရ
သိမ်းဝေ Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၊ စိုင်းဒင်တောင်တွင် ဝါးခုတ်သမားများကို မြန်မာ့တပ်မတော်က လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရိုဟင်ဂျာလူမျိုး အချို့သေဆုံးပြီး အမြောက်အမြားဒဏ်ရာရရှိခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် အရှေ့ပိုင်းမှ ရိုဟင်ဂျာများသည် ဝါးလုပ်ငန်းရှင်များမှတဆင့် အာဏာပိုင်များ၊ သစ်တောဦးစီးဌာနနှင့် ကင်းတောင်ကျေးရွာအုပ်စု၊ ဒုံးသိမ်းရွာ အခြေစိုက် တပ်ရင်း ၅၅၁ နှင့် ဓါးပြုချောင်း အခြေစိုက် တပ်မတို့မှ ခွင့်ပြုချက်ရယူပြီး စိုင်းဒင်တောင်တွင် ဝါးခုတ်ရန် သွားလေ့ရှိသည်။ 

ဧပြီလ (၃) ရက်နေ့ နေ့လည် ၂း၃၀ နာရီတွင် ရိုဟင်ဂျာဝါးခုတ်သမားများသည် ဝါးများခုတ်ပြီး အချို့က စိုင်းဒင်ချောင်းတွင် ဝါးများချ၍ ဖောင်ဖွဲ့၊ အချို့က ဝါးများသယ်ယူ၍ စုစည်းနေစဉ် မြန်မာ့တပ်မတော်မှ ရဟတ်ယာဉ်တစ်စီး ရောက်ရှိလာပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် အချို့သေဆုံးပြီး၊ အချို့ ဒဏ်ရာရရှိခဲ့သည်။ 

“နေ့လည် ၂ နာရီခွဲမှာ ရဟတ်ယာဉ်တစ်စီး ရောက်လာပြီး လူတွေရဲ့ အပေါ်ကနေ ပျံသွားတယ်။ ပြီးတော့ မိနစ်ပိုင်းအကြာမှာ နောက်တစ်စီးရောက်လာတယ်။ အဲဒီ ရဟတ်ယာဉ်က အောက်ကိုဆင်းပြီး အလုပ်လုပ်နေတဲ့လူတွေကို အနီးကပ်ကြည့်တယ်၊ ပြီးတော့ လက်နက်ကြီးတွေ ပစ်တော့ လူအချို့ သေပြီး၊ အချို့ ဒဏ်ရာရတယ်။ ၁၀ မိနစ်လောက်ကြတော့ အဲဒီ ရဟတ်ယာဉ် ပြန်လှည့်လာပြီး ထပ်ပစ်တယ်။ အဲဒါကြောင့် လူတွေက အသက်လု ထွက်ပြေးပြီး တောထဲမှာ ပုန်းနေခဲ့တယ်။ ဒဏ်ရာပြင်းတဲ့ လူအချို့ အဲဒီလို ပုန်းနေရင်းနဲ့ သေသွားတယ်” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

“လူတွေက ရဟတ်ယာဉ် နောက်ထပ်လာမှာကို စိုးရိမ်ပြီး တောထဲမှာ ပုန်းနေရင်း ညနေ ၄ နာရီလောက်မှာ ရဟတ်ယာဉ်တွေ နောက်ထပ် မလာတော့တာကြောင့် အပြင်ထွက်လာကြတယ်။ ညနေ ၅ နာရီကျော်လောက်မှာ အိမ်ကိုရောက်လာပြီးမှ ဒဏ်ရာရတဲ့သူတွေကို မိသားစုတွေနဲ့ ဆွေမျိုးသားချင်းတွေက ဘူးသီးတောင် ဆေးရုံကို ပို့တယ်။ စိုင်းဒင်ချောင်းကနေ စက်တပ်လှေ နှစ်စီးနဲ့ ခရီးဝေးကို သယ်သွားရတာကြောင့် ည ၈ နာရီထိ လူအုပ်ရဲ့ တစ်ဝက်ကိုသာ သယ်နိုင်ခဲ့တယ်။ ကျန်တဲ့လူတွေကတော့ ချောင်းနားမှာပဲ ညအိပ်ခဲ့ရတယ်။” ဟု ၎င်းက ဆက်လက်ပြောသည်။

အသက်ရှင်လွတ်မြောက်လာသည့် လူကြီးတစ်ဦးက “ငါတို့က ဖောင်ဖွဲ့နေတယ်၊ အခြားလူတွေက ဝါးစုနေတယ်။ အချို့လူတွေက ဝါးတွေကို ချောင်းထဲကူ ချနေတယ်။ အဲဒီအချိန်မှာ ရဟတ်ယာဉ်တစ်စီး ငါတို့ အပေါ်ကနေ ပျံသွားတယ်။ နောက်တစ်စီးရောက်လာပြီး အနီးကပ်ဆင်းကြည့်တယ်။ ငါတို့အလုပ်လုပ်နေတာကို မြင်ရက်နဲ့ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲသွားတော့ လူတွေ သေကြ၊ နာကြတာပေါ့။ ခဏနေတော့ ရဟတ်ယာဉ် ပြန်လာတာကို လူတွေမြင်တော့ တောထဲ ထွက်ပြေးကြတယ်။ ငါတို့ အလုပ်လုပ်ခဲ့တဲ့ နေရာကို ရောက်တာနဲ့ ထပ်ပြီး ဗုံးကြဲတယ်။ အဲဒီအချိန်မှာ လူတွေက ထွက်ပြေးနေတာ့ တစ်ချို့ထိတာပေါ့။ ဒုတိယအကြိမ် ဗုံးကြဲတာမှာ လူစုခွဲပြီး ထွက်ပြေးနေတဲ့ အချိန်မဟုတ်ရင် အားလုံးသေပြီ” ဟု ပြောသည်။ 

သေဆုံးသူများနှင့် ဒဏ်ရာရသူများ အားလုံးသည် တစ်ရွာတည်းမှ မဟုတ်သောကြောင့် စာရင်းအတိအကျ ရရန် ခက်ခဲလျက်ရှိသည်ဟု ဒေသခံများက ဆိုသည်။

ကင်းတောင်ကျေးရွာမှ ဒဏ်ရာရရှိသူအချို့မှာ --

(၁) အာဘူလ်ဘော်ရှော်ရ် (ဘ) ဦးမာမတ်နော်ဇိရ် (အသက် ၁၆ နှစ်)
(၂) အဒူလ္လာဟ် (ဘ) ဦးမာမတ်ကော်ဘိရ် (အသက် ၂၀ နှစ်)
(၃) ဦးအလီအာမတ် (ဘ) ဦးမာမတ် (အသက် ၄၅ နှစ်)
(၄) ဇာဟိဒူလ္လာ (ဘ) ဦးနုရ်အာမတ် (အသက် ၂၀ နှစ်)

ကျောက်ရန်ကျေးရွာအုပ်စု သစ်ထူးပေါက်ရွာမှ ဒဏ်ရာရရှိသူအချို့မှာ --

(၁) အေဆာန်အုလ္လာ (ဘ) ဦးကော်ဘိရ်အာမတ် (အသက် ၁၉ နှစ်)
(၂) ဆောရိုးဝါရ်ကာမာလ် (ဘ) ဦးနုရ်အာမတ် (အသက် ၁၈ နှစ်)
(၃) အာနိုဝါရ်ကာမာလ် (ဘ) ဦးနုရ်အာမတ် (အသက် ၁၄ နှစ်)
(၄) ဦးတော်ဇုလ်အာမတ် (ဘ) ဦးဆီရ်ဇုလ်အစ္စလာမ် (အသက် ၃၅ နှစ်)
(၅) ဇူဟာရ် (ဘ) ဦးလာလ်မောတ် (အသက် ၁၈ နှစ်)
(၆) အေမာရာန် (ဘ) ဦးမာမတ်အာလောမ် (အသက် ၂၁ နှစ်)

ဆေးအိုးကျကျေးရွာမှ ဒဏ်ရာရရှိသူအချို့မှာ --

(၁) မာမတ်ရှာကဲရ် (ဘ) ဦးအလီအာခ်ဘောရ် (အသက် ၂၇ နှစ်)
(၂) မာမတ်ဇူဘိုင်ရ် (အသက် ၂၀ နှစ်)
(၃) အာတာအုလ္လာ (ဘ) ဦးကာလာမျာ (အသက် ၁၃ နှစ်)
(၄) မာမတ်ဆာဘဲရ် (ဘ) ဦးမာမတ်ကော်ဘိရ် (အသက် ၂၀ နှစ်)
(၅) မာမတ်ဝါရဲစ် (ဘ) ဦးမာမတ်ကော်ဘိရ် (အသက် ၁၈ နှစ်)

ဓါးပြုချောင်းကျေးရွာမှ မော်ဆောန်အလီ (ဘ) ဦးနော်ဘီဟူစိန်း (အသက် ၁၆ နှစ်) နှင့် ဖုံညိုလိပ်ကျေးရွာမှ နုရ်ကော်ဘိရ် (ဘ) ဦးနုရ်အာမတ် (အသက် ၂၀ နှစ်) နှင့် ဦးနုရ်ဆောလာမ် (ဘ) ဦးအဒူနော်ဆောရ် (အသက် ၂၅ နှစ်) -- တို့လည်း ဒဏ်ရာရရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူများအားလုံး ဘူးသီးတောင်ဆေးရုံသို့ သွားရောက်၍ ဆေးကုသနိုင်ခြင်း မရှိဘဲ၊ ဒဏ်ရာပြင်းထန်သူအချို့သာ ရောက်ရှိပြီး ဆေးကုသလျက်ရှိသည်။ 

သရက်ပြင်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ရွာမှ သေဆုံးသွားသူများမှာ --

(၁) မာမတ်ယာစီးန် (ဘ) ဦးမာမတ်ဟူဆောင်း (အသက် ၁၄ နှစ်)
(၂) ဦးအစ္စမိုင်လ် (ဘ) ဦးရိုရှောင်န်အလီ (အသက် ၃၇ နှစ်)

ဓါးပြုချောင်းကျေးရွာမှ သေဆုံးသွားသူများမှာ --

(၁) ဦးဒိလ်မာမတ် (ဘ) ဦးမုရ်တောဇာ (အသက် ၂၂ နှစ်)
(၂) မာမတ်ရော်ဖိတ် (ဘ) ဦးဆုလ်တာန်အလီ (အသက် ၁၉ နှစ်)
(၃) ဦးဆော်ယဒ်နုရ် (ဘ) ဦးမာမတ်အလီ (အသက် ၃၈ နှစ်) နှင့် ကင်းတောင်ကျေးရွာမှ ဦးမူဆာအလီ (ဘ) ဦးရော်ဖိတ် (အသက် ၃၅ နှစ်) တို့ သေဆုံးသွားခဲ့သည်။ 

အသက်ရှင်လွတ်မြောက်လာသူများက သေဆုံးသူ ၂၀ ဦးခန့်နှင့် ဒဏ်ရာရရှိသူ ၄၀ ကျော်ရှိသည်ဟု ဆိုသည်။ 

“သေဆုံးသွားတဲ့ထဲမှာ အချို့က ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတာရှိတယ်။ အဲဒါကြောင့် အလောင်းတွေကို အတိအကျ ခွဲခြားသိဖို့ ခက်ခဲလိမ့်မယ်” ဟု အသက်ရှင် လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။ 

စိုင်းဒင်တောင်သည် ဘူးသီးတောင် အရှေ့တောင်ပိုင်းတွင် နေထိုင်သူ ၈၀% ၏ အသက်သွေးကြောဖြစ်ပြီး၊ ဘိုးဘွားစဉ်ဆက် စိုင်းဒင်တောင်မှ ဝါး၊ သစ်၊ ထင်းများခုတ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြခြင်း ဖြစ်သည်။ 

အခင်းဖြစ်ပွားပြီးနောက် အာဏာပိုင်များ သွားရောက် ကြည့်ရှုခြင်း မရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။ 

ယင်းနေ့ ည ၇ နာရီတွင် တပ်ရင်း ၅၅၁ မှ အဆက်မပြတ် သေနတ်ပစ်ခတ်ခဲ့သဖြင့် ကင်းတောင်ကျေးရွာတွင်  ရိုဟင်ဂျာပိုင် နွား သုံးကောင် ကျည်ဆံ ထိမှန်၍ သေဆုံးခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ