အစိုးရတပ်မတော်နှင့် AA တို့ တိုက်ပွဲကြောင့် ရိုဟင်ဂျာများ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရ
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့ပိုင်း ကျောက်ရန်ကျေးရွာအုပ်စုတွင် အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ နေ့စဉ်လိုလို တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ရိုဟင်ဂျာများ စစ်ဘေးရှောင်ရန် နေရပ်စွန့်ခွာနေရသည်။

မတ်လ (၂၉) ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် အစိုးရတပ်မတော် တပ်ရင်း (၅၅၁) မှ စစ်သားများသည် ကျောက်ရန်ကျေးရွာအုပ်စုသို့ သွားနေစဉ် သရက်ပြင်ကျေးရွာအဝင် တံတားအနီးတွင် မိုင်းဗုံးပေါက်ကွဲပြီး စစ်သားအချို့ ဒဏ်ရာရရှိခဲ့သည်။ ဒေသခံအချို့က စစ်သား ၃ ဦး သေဆုံးခဲ့သည်ဟု ပြောဆိုနေကြသည်။ 

ထို့နောက် အစိုးရ စစ်သားများသည် ကျောက်ရန်ကျေးရွာအုပ်စု၊ သစ်ထူးဖောက်ကျေးရွာနှင့် အာဘူရွာသို့ သွားရောက်၍ ဤဒေသတွင် အစိုးရတပ်မတော်က AA ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဖြစ်၍ ဒေသခံများ ထိခိုက်မှုမရှိအောင် ဤနေရာမှ အခုချက်ချင်း ဖယ်ပေးကြပါဟု အမိန့်ပေးခဲ့သည်။ 

ရိုဟင်ဂျာများသည် တတ်နိုင်သမျှ ပစ္စည်းများကို တစ်ပိုင်တစ်နိုင် ထုပ်ပိုးပြီး ဖုံညိုလိပ်၊ ဆေးအိုးကျ၊ ဝရကျွန်း စသည့် ကျေးရွာများသို့ ပြောင်းရွှေ့သွားပြီး ဆွေမျိုးသားချင်းများထံ ခိုလှုံနေရကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ ရွာသားများ ထွက်လာချိန်မှစ၍ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး သစ်ထူးဖောက်ကျေးရွာတွင် အမျိုးသား ၅ ဦးခန့်သာ နေအိမ်များမှ ပစ္စည်းများ စောင့်ရှောက်နိုင်ရန် ကျန်ရစ်ခဲ့သည်။ 

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်မှုကြောင့် သစ်ထူးဖောက်ကျေးရွာတွင် ကျန်ရစ်ခဲ့သည့် အမျိုးသား ၅ ဦးမှ တစ်ဦး ကျည်ဆံထိမှန်၍ သေဆုံးခဲ့သည်။ လက်နက်ကြီးများ ထိမှန်၍ အိမ် ၄ လုံး မီးလောင်၍ ပြာကျခဲ့သည်။ ည ၉း၃၀ နာရီထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်းတွင် လွန်ခဲ့သည့် နှစ်လကျော်မှစ၍ တိုက်ပွဲများ မကြာခဏ ဖြစ်လျက်ရှိပြီး၊ တိုက်ပွဲများတွင် ရိုဟင်ဂျာများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်များ ရှိသည်။ 

တိုက်ပွဲများကြောင့် ရိုဟင်ဂျာများ တစ်ရွာမှတစ်ရွာသို့ သွားလာလှုပ်ရှား၍ မရသဖြင့် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရသည်။ ဆင်သေပြင်ကျေးရွာ အများစုသည် လွန်ခဲ့သည့် ၅ ရက်က ဖုံညိုလိပ်၊ ဆေးအိုးကျကျေးရွာများသို့ ပြောင်းရွှေ့ခဲ့ရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ