ဘူးသီးတောင် (၅) ရပ်ကွက်မှ ရာအိမ်မှူးများက စ.ရ.ဖ၊ ရဲများနှင့် ပူးပေါင်း၍ ရွာသားများထံမှ ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ အကွက် (၁) နှင့် (၅) ရာအိမ်မှူးများက စ.ရ.ဖ၊ ရဲများနှင့် ပူးပေါင်း၍ ရွာသားများကို အမျိုးမျိုး လုပ်ကြံ ခြိမ်းခြောက် ငွေညှစ်နေသည်။ 

ဘူးသီးတောင်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ အကွက် (၂) မှ ဘဏ်း ဆိုသူသည် မတ်လ (၁၅) ရက်နေ့တွင် လက်ဝဲဒက်ပြင်ကျယ်ကျေးရွာမှ သူငယ်ချင်းဖြစ်သူ ဇူဘိုင်ရ် ထံသို့ အလည်အပတ်ရောက်နေစဉ် အမှတ် (၅) ရပ်ကွက်၊ အကွက် (၂) မှ ရာအိမ်မှူး အာလောမ်က WY စိတ်ကြွမူးယစ်ဆေးပြား နှစ်ပြားကိုင်ဆောင်၍ ဇူဘိုင်ရ်၏ အိမ်ထဲသို့ ဝင်လာခဲ့သည်။ ထို့နောက် ရာအိမ်မှူး အာလောမ် က “မင်းတို့နှစ်ယောက် WY ရှူနေတာ၊ ငါအခု ရဲခေါ်လိုက်မယ်” ဟု ပြောဆိုပြီး ၎င်း၏ လက်ထဲရှိ WY နှစ်ပြားကို ပြပြီး ငွေကျပ် သိန်း ၂၀ ပေးရန် တောင်းခံခဲ့သည်။ ၎င်းက “ငါက ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဘူးသီးတောင် ရဲစခန်းက နယ်ထိန်းတွေကိုလည်း ဝေစုပေးရတာကြောင့် ငွေများများ တောင်းတာ၊ ငွေမပေးရင် ရဲခေါ်ပြီး အပ်လိုက်မယ်” ဟု ဆိုကာ အမျိုးမျိုး ခြိမ်းခြောက်ခဲ့သည်။ အိမ်ရှင်ဖြစ်သူ ဇူဘိုင်ရ်နှင့် ဧည့်သည် ဖြစ်သူ ဘဏ်း တို့သည် ရာအိမ်မှူး ခြောက်လှန့်သည်ကို ကြောက်ရွံ့၍ နောက်ဆုံးတွင် ငွေကျပ် ၁၂ သိန်း ပေးခဲ့ရသည်။ 

ရာအိမ်မှူး အာလောမ်သည် ၎င်းနှင့် တစ်ရပ်ကွက်တည်းနေထိုင်သူ ဘဏ်း ဆိုသူနှင့် ရန်ငြိုးရန်စ ရှိသောကြောင့် ယခုကဲ့သို့ လုပ်ကြံ၍ ငွေညှစ်ခြင်း ဖြစ်သည်။ လက်ဝဲဒက်ပြင်ကျယ်ရွာသည် အမှတ် (၅) ရပ်ကွက်၏ လမ်းတစ်ဖက်တွင် တည်ရှိသည်။ 

ဖေဖော်ဝါရီလ လဆန်းပိုင်းတွင်လည်း အကွက် (၁) မှ ဦးအဒူမော်ဂျိတ် (ကွယ်လွန်) ၏ ဇနီး ဒေါ်ဂုလ်ဘာရ် ၏ သမီးပျိုတစ်ဦးသည် ၎င်း၏ ချစ်သူနှင့်အတူ ခိုးရာလိုက်သွားပြီးနောက် ယခုအခါ မလေးရှားနိုင်သံသို့ ရောက်ရှိနေသည်ဟု သတင်းကြားရသဖြင့် အကွက် (၁) ရာအိမ်မှူး ဟာမီဒူလ္လာက စ.ရ.ဖ သို့တိုင်တန်းခဲ့သည်။ မတ်လ (၁၂) ရက်နေ့တွင် ရာအိမ်မှူး ဟာမီဒူလ္လာသည် ဒေါ်ဂုလ်ဘာရ်၏ နေအိမ်သို့ သွားရောက်၍ “နင့်ကို စ.ရ.ဖ က ခေါ်နေတယ်” ဟု ဆိုကာ ဒေါ်ဂုလ်ဘာရ်အား စ.ရ.ဖ ရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။ 

စ.ရ.ဖ ရုံးသို့ရောက်သည်နှင့် သမီးကို နိုင်ငံခြားသို့ ပို့ပေးလိုက်သည်ဟု ဆိုကာ ငွေကျပ် သိန်း ၃၀ တောင်းခံခဲ့သည်။ ဒေါ်ဂုလ်ဘာရ်က နိုင်ငံခြားသို့ ပို့ပေးခဲ့တာ မဟုတ်ကြောင်း၊ ချစ်သူနှင့်အတူ ခိုးရာလိုင်ပြေးသွားခြင်း ဖြစ်သည်ဟု ရှင်းပြသော်လည်း ထောင်ကျအောင် လုပ်မည်ဟု ခြိမ်းခြောက်၍ နောက်ဆုံးတွင် ငွေကျပ် ၁၆ သိန်း ညှစ်ယူခဲ့သည်။ ထို့အပြင် ဒေါ်ဂုလ်ဘာရ်၏ နေအိမ်သို့ ညနေ ၄ နာရီကျော်တွင် ကျေးရွာတာဝန်ခံနှင့် နယ်ထိန်းရဲတပ်ဖွဲ့မှ ဒုတပ်ကြပ်တစ်ဦး ရောက်ရှိလာပြီး “သမီးဖြစ်သူကို မလေးရှားသို့ ပို့ပေးခဲ့တယ်၊ စ.ရ.ဖ ကိုလည်း ငွေပေးခဲ့တယ်၊ အခု ငါတို့ကိုလည်း ပေးရမယ်၊ မပေးရင် ဖမ်းခေါ်သွားမယ်” ဟု ခြိမ်းခြောက်၍ ငွေကျပ် ၄ သိန်း ထပ်မံညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက Rohingya Today သို့ပြောပါသည်။ 

ဒေါ်ဂုလ်ဘာရ်သည် ၎င်းဝတ်ဆင်ထားသည့် ရွှေကို ရောင်းချ၍ ငွေပေးခဲ့ရသည်။ ရာအိမ်မှူးများက ယခုကဲ့သို့ လုပ်ကြံ၍ ငွေညှစ်နေသည်ကို ကျေးရွာအုပ်ချုပ်ရေးမှူးက မည်သည့်အခါမှ ဟန့်တား အရေးယူခြင်း မရှိသည်မှာ ဝေစုရနေသောကြောင့်ဖြစ်သည်ဟု ရွာသားများက ဝေဖန်ပြောဆိုနေကြသည်။ 

ရာအိမ်မှူးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး တို့မှ လိုအပ်သလို အရေးယူဆောင်ရွက်ပေးပါရန် ရွာသားများက တောင်းဆိုနေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ