ဘူးသီးတောင် ဖုံညိုလိပ် နယ်မြေတာဝန်ကျ သစ်တောဝန်ထမ်း ဦးသန်းရွှေက ရိုဟင်ဂျာများထံမှ အတင်းအဓမ္မ သစ်၊ ဝါးများ လုယက်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်နယ်မြေ တာဝန်ကျ သစ်တောဝန်ထမ်း ဦးသန်းရွှေသည် အနီးအနားကျေးရွာမှ ရိုဟင်ဂျာများက သစ်တောဝန်ထမ်းများ ကောက်ခံသည့် ဆက်ကြေးကို ပေးဆောင်ပြီး စိုင်းဒင်တောင်မှ ဝါး၊ သစ်များ ခုတ်၍ သယ်လာလျှင် စစ်ဆေး၍ ဝါးများ၊ သစ်များ လုယက်ယူသည်။

မတ်လ (၂၁) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာအုပ်စု ရွာသစ်ရွာမှ အာမီရာ (ဘ) ဦးမုစ်တောဖာကာမာလ် (အသက် ၃၀ နှစ်) သည် ၎င်း၏ အိမ်တွင် အသုံးပြု၍ ဝါးလုံးများနှင့်၊ ပဂါများ (သစ်လုံးကြီးများ၏ အပေါ်ယံလွှာ) ကို စိုင်းဒင်တောင်ရှိ သစ်ခုတ်သမားများထံမှ ဝယ်ယူ၍ ရွာသို့ ယူဆောင်လာစဉ် သစ်တောဝန်ထမ်း ဦးသန်းရွှေက ငွေကျပ် ၃ သိန်းခန့် တန်ဖိုးရှိသည့် ပဂါများနှင့် ဝါးလုံး ၇၀၀ လုံးကို အတင်းအဓမ္မ လုယက် ယူဆောင်သွားခဲ့သည်ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

မတ်လ (၉) ရက်နေ့ကလည်း ကင်းတောင်ကျေးရွာအုပ်စု မြောက်ရွာမှ ဟာဖီးဇ်နော်ဘီဟူဆောင်း (ဘ) ဦးဆုလ်တာန်အာမတ် သည် သစ်တောဝန်ထမ်းကို ဆက်ကြေးပေးပြီး ခုတ်လာသည့် ဝါး အလုံး ၂၀၀၊ တန်ဖိုးအားဖြင့် ငွေကျပ် ၅ သောင်းခန့်ကို ဦးသန်းရွှေက လုယက်ယူဆောင်သွားခဲ့သည်။ 

မတ်လ (၆) ရက်နေ့တွင် ကင်းတောင်ကျေးရွာမှ ဦးအာဘူကော်ဆီဒိက် (ဘ) ဦးအဒူဆူဝါးန် (အသက် ၅၅ နှစ်) ထံမှ ဆက်ကြေးငွေ ယူသည့်အပြင် ဝါး ၂၅၀ လုံး၊ တန်ဖိုးအားဖြင့် ခုနှစ်သောင်းကျပ်ခန့် ကို ဦးသန်းရွှေက လုယက်ယူဆောင်သွားခဲ့သည်။ 

စိုင်းဒင်ချောင်းမှ တဆင့် ဝါး ၁၀၀၀ ယူလာလျှင် သစ်တောဝန်ထမ်းကို ဆက်ကြးအဖြစ် ငွေကျပ် ၆၀၀၀ ပေးဆောင်ရသည်။ သယ်ယူသူများက ဆက်ကြေးငွေ ပုံမှန်ပေးလျက်ရှိသော်လည်း သစ်တောဝန်ထမ်း ဦးသန်းရွှေက ပစ္စည်းများကို မကြာခဏ လုယက်ယူဆောင်သွားသည်ဟု ဒေသခံများက ပြောပါသည်။ 

“သူတို့တောင်းတဲ့ ဆက်ကြေးကို ပုံမှန်ပေးနေပေမယ့် အခုလို မကြာခဏ လုယက်နေတာက ဒီသစ်တော ဝန်ထမ်း ဦးသန်းရွှေက ရိုဟင်ဂျာတွေကို လူမျိုးဘာသာခွဲခြားပြီး အနိုင်ကျင့်နေခြင်းသာ ဖြစ်တယ်၊ ဗုဒ္ဓဘာသာဝင်တွေ ဝါး၊ သစ်ခုတ်ပြီး ယူလာရင် ဆက်ကြေး ပေးစရာမလိုဘူး။ တစ်ခါတစ်လေ နည်းနည်းပါးပါး ပေးရတာတော့ ရှိတယ်။ ဒါပေမယ့် သူတို့ဆီက လုယက်တာမျိုး လုံးဝမရှိဘူး။ နှောက်ယှက်တာမျိုးတောင် မရှိဘူး။” ဟု ရပ်မိရပ်ဖတစ်ဦးက ပြောပါသည်။ 

ရိုဟင်ဂျာများ သစ်၊ ဝါးခုတ်ခြင်း မလုပ်ရန် တိုက်ရိုက် တားမြစ်ခြင်း မပြုလုပ်သော်လည်း ယခုကဲ့သို့ ဆက်ကြေး ကောက်ပြီးလျှင်ပင် လုယက် ယူဆောင်သွားနေခြင်းမှာ ဤလုပ်ငန်းမှ ဆုတ်ခွာသွားအောင် တမင်ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ