ရွာလှည့်၍ ပုဇွန်ရောင်းနေသည့် အသက် ၁၂ နှစ်အရွယ် ရိုဟင်ဂျာကလေးငယ်တစ်ဦးကို လူစိမ်းရခိုင် ၄ ဦးက ဓါးဖြင့်ထိုးသတ်ရန် ကြိုးစား
ရန်နိုင် Rohingya Today

 

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ဆင်ခုန်းတိုင်ကျေးရွာမှ အသက် ၁၂ နှစ်အရွယ် ရိုဟင်ဂျာကလေးငယ်တစ်ဦးသည် ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာသို့ ပုဇွန်ရောင်းရန် ရောက်ရှိနေစဉ် လူစိမ်းရခိုင် ၄ ဦးက ဓါးဖြင့်ထိုးသတ်ရန် ကြိုးစားခဲ့သည်။

မတ်လ (၂၇) ရက်နေ့ နေ့လည် ၃ နာရီတွင် ရသေ့တောင်မြို့နယ် ဆင်ခုန်းတိုင်ကျေးရွာမှ အသက် ၁၂ နှစ်အရွယ် အာရောဖ်အုလ္လာ (ဘ) ဦးရှားလောမ် သည် ချောင်းတစ်ဖက်ကမ်းရှိ ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာသို့ ချောင်းကူး၍ ပုဇွန်ရောင်းရန် ရောက်ရှိသွားသည်။ 

စေတီတောင်ရခိုင်ရွာမှ အမျိုးသမီးကြီးတစ်ဦးက ၎င်းထံမှ ပုဇွန် နှစ်ကီလိုခွဲ ဝယ်ယူပြီးနောက် ငွေပေးရန်အတွက် ၎င်းကို စေတီတောင်ရခိုင်ရွာတောင်ပိုင်းသို့ ခေါ်သွားပြီး၊ ရွာတောင်ဘက်ပိုင်းရှိ တောင်ထဲသို့ သွားသည့်လမ်းဝတွင် ၎င်းအား “ငွေအခုလာပေးမယ်၊ ခဏစောင့်” ဟု ဆိုကာ ရပ်စောင့်ခိုင်းပြီး တောင်ထဲသို့ ဝင်သွားခဲ့သည်။ 

ပုဇွန်ရောင်းသည့် ကလေးငယ်က အမျိုးသမီးကြီး ပြန်ထွက်မလာသဖြင့် ငွေတောင်းရန်အတွက် တောင်ထဲသို့ ဝင်သွားသောအခါ လူစိမ်းရခိုင် ၄ ဦး လက်နက်များကိုင်ဆောင်၍ ထွက်လာပြီး ကလေးငယ်ကို ခြေထောက်ဖြင့် ကန်ကျောက်ပြီး ကြိုးဖြင့် ချည်နှောင်ကာ မျက်စိကိုလည်း အဝတ်စုတ်တစ်ခုဖြင့် ချည်နှောင်၍ ပိတ်ထားပြီး လည်လှီးသတ်ဖြတ်ရန် ကြိုးစားခဲ့သည်။ ကလေးငယ်က အော်ဟစ်ငိုကြွေးသဖြင့် ကလေးငယ်၏ လက်ဖျံနှစ်ဖက်ကို ဓါးဖြင့် ၇ ချက်တိတိ ခြစ်ဖြတ်ခဲ့သည်။ ထို့နောက် ကလေးငယ်ကို ပြန်လည် လွှတ်ပေးခဲ့သည်။ 

“ဒီကလေးငယ်ရဲ့ မိသားစုက အရမ်းဆင်းရဲတယ်။ သူ့ရဲ့ အဖေ ရှားလောမ် က ငါး၊ ပုဇွန်ဖမ်းပြီး အနီးအနားက ရွာတွေကို ကိုယ်တိုင် သွားရောင်းတယ်။ တစ်ခါတစ်လေမှာတော့ ဒီကလေးငယ် အာရောဖ်အုလ္လာ ကို ရောင်းခိုင်းတယ်။ သူတို့ သားအဖက စေတီတောင်ရွာကို သွားပြီး ငါးတွေ ပုဇွန်တွေ မကြာခဏ ရောင်းတော့ စေတီတောင်ရွာမှာရှိတဲ့ ရခိုင်အများစုက သူတို့ကို သိနေကြတယ်။ အခု အာရောဖ်အုလ္လာ ကို သတ်ဖို့ ကြိုးစားတဲ့ ရခိုင် ၄ ယောက်ကိုတော့ ဘယ်တုန်းကမှ မတွေ့ဖူးဘူး။ ဘယ်ကရောက်နေတဲ့ သူစိမ်းတွေလည်းတော့ မသိဘူး” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ