ခြံဝင်းအတွင်း ဝါးနက်ခိုးခုတ်သည့် နယ်ခြားစောင့်ရဲများက ပိုင်ရှင်များကို နယ်မြေစခန်းသို့ ခေါ်သွားပြီး ခံဝန်လက်မှတ် ရေးထိုးခိုင်း
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေ (၁၁) ညောင်ချောင်းနယ်မြေမှ နယ်ခြားစောင့်ရဲများသည် ဘုရားပြင်အောင်ပကျေးရွာတွင် ဝါးနက်များ ခိုးခုတ်ပြီးနောက် ပိုင်ရှင်ဖြစ်သည့် ရိုဟင်ဂျာ ဇနီးမောင်နှံကို နယ်မြေစခန်းသို့ ခေါ်ဆောင်သွားပြီး စော်ကားဆဲဆိုခဲ့သည့်အပြင် မတရားသဖြင့် ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့သည်။ 

မတ်လ (၂၂) ရက်နေ့ နံနက် ၉ နာရီကျော်တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေ (၁၁) ညောင်ချောင်းနယ်မြေ စခန်းမှ နယ်ခြားစောင့်ရဲ နှစ်ဦးသည် အရပ်ဝတ်များဖြင့် ၎င်းတို့၏ လက်ကိုင်တုတ်များ သုံးဦးနှင့်အတူ ဘုရားပြင်အောင်ပကျေးရွာအုပ်စု အကွက် (၈) မှ ဟာဖီးဇ်ဇူဘိုင်ရ် (ဘ) ဦးအာဖ်မျာ (အသက် ၃၂ နှစ်) ၏ အိမ်ခြံဝင်းထဲသို့ ဝင်ရောက်ပြီး ဝါးနက်များ ခုတ်နေခဲ့သည်။ 

ဟာဖီးဇ်ဇူဘိုင်ရ်၏ ဇနီးဖြစ်သူက ဝါးနက်များ ခုတ်နေသူများကို ယခင်အတိုင်း ရခိုင်ရွာမှ ရခိုင်လူမျိုးများ လာရောက် ခုတ်နေသည်ဟု ထင်ကာ “ဘယ်သူတွေလဲ၊ ဘာကြောင့်ခုတ်တာလဲ၊ ဘယ်သူခွင့်ပြုတာလဲ” ဟု မေးမြန်းခဲ့သည်။ အရပ်ဝတ်များ ဝတ်ဆင်၍ ဝါးနက်များ ခုတ်နေသည့် နယ်ခြားစောင့်ရဲနှစ်ဦးက ၎င်းအား အဖြေပေးမည့်အစား ရိုင်းပျစွာ ဆဲဆိုသည့်အပြင် စခန်းသို့ ဖုန်းဆက်၍ နောက်ထပ် နယ်ခြားစောင့်ရဲများ ခေါ်ခဲ့သည်။ ထို့နောက် အိမ်ခြံဝင်း အပြင်သို့ထွက်လာခဲ့သည်။ 

ဟာဖီးဇ်ဇူဘိုင်ရ်၏ နေအိမ်ခြံဝင်းအတွင်း ဝါးနက်ခုတ်နေသည့်အချိန်၊ ၎င်း၏ ဇနီးက ဝါးနက်ခုတ်နေသူများကို ဟန့်တားရန် ကြိုးစားနေသည့် အချိန်တွင် ဟာဖီးဇ်ဇူဘိုင်ရ်သည် နေအိမ်တွင် ရှိမနေခဲ့ပေ။ 

နယ်မြေစခန်းမှ နယ်မြေမှူး၏ လက်ကိုင်တုတ် အီဆုပ် (ဘ) ဦးအာဘူလ်ဟာရှိမ်းနှင့်အတူ နယ်ခြားစောင့်ရဲနှစ်ဦးသည် လက်နက်များကိုင်ဆောင်၍ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး  ဝါးနက်ခုတ်နေသူများနှင့် တွေ့ဆုံသည်။ ထိုစဉ် အကြောင်းတစ်စုံတစ်ရာ မသိသော ဟာဖီးဇ်ဇူဘိုင်ရ် ကို လမ်းဘေးဆိုင်တွင် ထိုင်နေသည်ကို တွေ့ရှိပြီး နယ်ခြားစောင့်ရဲများက နယ်မြေစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ထို့နောက် နယ်ခြားစောင့်ရဲများနှင့် ၎င်းတို့၏ လက်ကိုင်တုတ် အီဆုပ် တို့က ဟာဖီးဇ်ဇူဘိုင်ရ် သည် နိုင်ငံခြားသို့ သတင်းပို့နေသည်၊ ဝါးနက်ခုတ်ရန် သွားသည့် နယ်ခြားစောင့်ရဲများကို ရိုက်နှက်ရန် ကြံစည်ခဲ့သည်ဟု ဆိုကာ နယ်မြေမှူအား လုပ်ကြံပြီး ပြောပြသောကြောင့် နယ်မြေမှူး က ရိုင်းပျစွာ ဆဲဆိုခဲ့သည့်အပြင် ထိုးကြိတ်မည်ဟု ခြိမ်းခြောက်၍ အင်္ကျီကော်လာကို အကြိမ်ကြိမ် ကိုင်ဆွဲခဲ့သည်။ ထို့အပြင် လက်ကိုင်တုတ် အီဆုပ်က ထိုးမည်ကြိတ်မည်ဟု ဆဲဆိုခြိမ်းခြောက်၍ အင်္ကျီကော်လာကို ဆွဲခဲ့ကြောင်း ဒေသခံတစ်ဦးက Rohingya Today သို့ပြောပါသည်။

ထိုစဉ် နယ်ခြားစောင့်ရဲ နှစ်ဦးသည် ဟာဖီးဇ်ဇူဘိုင်ရ်၏ နေအိမ်သို့ သွားရောက်၍ ၎င်း၏ ဇနီး ဒေါ်နုရ်ကိုင်ဒါ ကို “နင့်ယောကျ်ားကို စခန်းကို ခေါ်သွားလိုက်ပြီ၊ နယ်မြေမှူးက နင့်ကိုလည်း ခေါ်နေတယ်၊ လိုက်လာခဲ့” ဟု ဆိုကာ အတင်းအဓမ္မ ဆွဲခေါ်သွားခဲ့သည်။ နယ်မြေမှူးက ၎င်းကိုလည်း ရိုင်းပျစွာ ဆဲဆိုစော်ကားခဲ့သည်။ 

ထို့နောက် နယ်မြေမှူးက ဟာဖီးဇ်ဇူဘိုင်ရ် ကို “သတင်းတွေကို နိုင်ငံခြား ဘယ်သူ့ဆီ ပို့တာလဲဟု မေးရာ ဟာဖီးဇ်ဇူဘိုင်ရ် က နိုင်ငံခြားကို ပို့တာမဟုတ်ကြောင်း၊ ဘူးသီးတောင်မြို့ရှိ စစ်ဗျူဟာသို့သာ သတင်းပို့သည်ဟု ဖြေကြားခဲ့သည်။ နယ်ခြားစောင့်ရဲများကို ထိုးကြိတ်ရန် ကြံစည်သည်နှင့် ပတ်သက်၍ မေးမြန်းရာ မိမိသည် နယ်ခြားစောင့်ရဲများ ဝါးခုတ်ရန် ရောက်နေစဉ် နေအိမ်တွင် မရှိခဲ့ကြောင်း ဖြေဆိုခဲ့သည်။ 

ဟာဖီးဇ်ဇူဘိုင်ရ်၏ ဇနီးကို နယ်ခြားစောင့်ရဲများအား ဆဲဆိုခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ၎င်းက ဆဲဆိုခဲ့ခြင်း မဟုတ်ကြောင်း၊ မိမိတို့၏ ခြံဝင်းအတွင်း ဝါးနက်ခုတ်ရန် ဘယ်သူက ခွင့်ပြုတာလဲ၊ ဘယ်သူတွေက ခုတ်နေတာလဲဟု မေးမြန်းခြင်းသာ ဖြစ်ကြောင်း၊ ရခိုင်ရွာမှ ရခိုင်လူမျိုးများသည် မကြာခဏဆိုသလို မိမိတို့၏ ခြံဝင်းထဲသို့ ဝင်ရောက်၍ ဝါးနက်များ၊ မျှစ်များ ခုတ်ယူသွားသောကြောင့် မေးမြန်းခြင်းသာ ဖြစ်ကြောင်း၊ ယခုလည်း ရခိုင်ရွာသားများထင်၍ မေးမြန်းခဲ့ခြင်း ဖြစ်သည်ဟု ဖြေဆိုခဲ့သည်။ 

နယ်မြေမှူးက “ဝါးနက်မပြောနဲ့၊ နင်တို့အိမ်၊ နင်တို့လူတွေကိုပါ မီးရှို့ဖျက်ဆီးရင်လည်း နင်တို့ ငါတို့ကို ပြောပိုင်ခွင့်မရှိဘူး၊ ငါတို့ လုပ်ချင်ရာလုပ်မယ်၊ နင်တို့ ကုလားတွေ ပြန်ပြောခွင့်မရှိဘူး” ဟူ၍ ရိုင်းပျ စော်ကားစွာ ပြောဆိုပြီး၊ ဟာဖီးဇ်ဇူဘိုင်ရ်တို့ ဇနီးမောင်နှံကို နောက်နောင် ထိုသို့ ပြုလုပ်မည် မဟုတ်ကြောင်း ခံဝန်လက်မှတ် ရေးထိုးခိုင်းပြီး နေ့လည်တစ်နာရီတွင် ပြန်လည် လွှတ်ပေးခဲ့သည်။ 

နယ်ခြားစောင့်ရဲများနှင့်အတူ ဝါးနက်ခုတ်ရန် လိုက်သွားခဲ့သည့် လက်ကိုင်တုတ်များမှာ --

(၁) ဦးမူဟိဖ်ဘူလ္လာ (ဘ) ဦးဆော်ယာဒ်ကာဆိမ်း၊ အကွက် (၁) ရာအိမ်မှူး
(၂) ဦးရှာကဲရ် (ခ) ရှားခူးယား (ဘ) ဦးမူဇဲရ်၊ အကွက် (၇) ရာအိမ်မှူး
(၃) ဦးနော်ဇိရ်အာမတ် (ဘ) ဦးမာဆောင်းန်၊ အကွက် (၈) ရာအိမ်မှူး -- တို့ဖြစ်ကြသည်။ 

အထက်ပါ ရာအိမ်မှူးများနှင့် ဦးအီဆုပ် တို့သည် ရွာသားများကို မတရားသဖြင့် ဖမ်းဆီးငွေညှစ်ခြင်း၊ အကြောင်းမဲ့ ဆဲဆို ရိုက်နှက်ခြင်း၊ ခြံဝင်းများထဲမှ ပစ္စည်းများ အတင်းအဓမ္မ လုယက်ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ