နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် န.တ.လ ရွာသားများက ရိုဟင်ဂျာအိမ်များကို ဖြိုဖျက်၍ သစ်နှင့် အခြားပစ္စည်းများ သယ်ယူသွား
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံးကျေးရွာအုပ်စုရှိ န.တ.လ ရွာသားများနှင့် စေတီပြင် ကင်းစခန်းမှ နယ်ခြားစောင့်ရဲများ ပူးပေါင်း၍  ငါးစကြူးကျေးရွာသို့ သွားရောက်၍ ရိုဟင်ဂျာအိမ်များကို ဖြိုဖျက်ကာ သစ်များနှင့် အခြား အဖိုးတန်အိမ်သုံးပစ္စည်းများ သယ်ယူသွားသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံးကျေးရွာအုပ်စု၊ န.တ.လ ရွာမှ ရွာသားအချို့နှင့် စေတီပြင် ကင်းစခန်းမှ နယ်ခြားစောင့်ရဲ အချို့တို့ ပူးပေါင်း၍ မတ်လ လဆန်းပိုင်းတွင် ငါးစကြူးကျေးရွာ မြောက်ပိုင်းသို့သွားရောက်ပြီး လူမနေတော့သည့် ဦးအော်လီအုလ္လာ ၏ အိမ်ကြီးကို ဖြိုဖျက်၍ သစ်များကို န.တ.လ ရွာသို့ သယ်ဆောင်သွားသည်။ ယခင်းအိမ်ကြီးကို သစ်မာများဖြင့် ဆောက်လုပ်ထားပြီး၊ ဆောက်လုပ်စဉ်က ငွေကျပ် သိန်း ၁၅၀ ကုန်ကျခဲ့သည်။ ယခုကာလတန်ဖိုး အရဆိုလျှင် ငွေကျပ် သိန်း ၂၀၀ ကျော်ကုန်မည် ဖြစ်သည်။ 

အဆိုပါ နယ်ခြားစောင့်ရဲများနှင့် န.တ.လ ရွာသားများသည် နောက်တစ်ရက်တွင် ငါးစကြူးကျေးရွာ မြောက်ပိုင်းသို့ သွားရောက်၍ လူမနေတော့သည့် ဦးနုရ်ဘောက်တော ၏ တိုက်အိမ်မှ တံခါးကို ရိုက်ချိုး၍ ဆိုဖာ၊ ဗီရို၊ ကုတင်နှင့် အခြား အိမ်သုံးပစ္စည်းများကို ယူဆောင်သွားသည်။ ယင်းအိမ်မှ သယ်ယူသွားသည့် ပစ္စည်းများ၏ တန်ဖိုးမှာ ကျပ်သိန်း ၁၀၀ ခန့်ရှိမည်ဟု ဒေသခံများက ခန့်မှန်းနေကြသည်။

ငါးစကြူးရွာသားတစ်ဦးက “နေ့လည်ပိုင်းမှာ လူအုပ်တစ်အုပ် တုတ်၊ ဓါးတွေ ကိုင်ပြီး ကျွန်တော်တို့ ရွာထဲရောက်လာတယ်။ လူ ၂၀ လောက်ရှိမယ်။ နယ်ခြားစောင့် ၄ ယောက်ပါတယ်။ ကျန်တာတွေက လောင်းဒုံး ရခိုင်ရွာ ဒီမှာတော့ န.တ.လ ရွာပေါ့။ န.တ.လ ရွာသားတွေပါတယ်။ နယ်ခြားစောင့်တွေက အရပ်ဝတ်နဲ့ ယူနီဖောင်း မပါဘူး။ ဒါပေမယ့် သေနတ်တွေပါတယ်။ ကျွန်တော်တို့ ရွာမြောက်ပိုင်းကို ရောက်လာပြီး ရွာကို ပတ်ကြည့်တယ်။ ပြီးတော့ ဦးအော်လီအုလ္လာရဲ့ အိမ်ကြီးကို ဖြိုပြီး သစ်တွေယူသွားတယ်။” ဟု Rohingya Today သို့ပြောသည်။ 

“ကျွန်တော်တို့က ရွာမှ လူနည်းနည်းပဲရှိတော့ သူတို့က လက်နက်တွေ ပါတယ်ဆိုတော့ ကျွန်တော်တို့ ကြောက်ကြတယ်။ ရွာအုပ်ချုပ်ရေးမှူးလည်း ရွာမှာ မနေဘူး၊ မောင်တောမြို့ထဲမှာ နေတယ်။ သူ့ကို ဖုန်းဆက် အကြောင်းကြားတယ်။ သူကတော့ သက်ဆိုင်ရာကို ဖုန်းဆက်တိုင်မယ်လို့ ပြောတယ်။ အဲဒီ လူအုပ်က နောက်တစ်ရာ်ကလည်း ရောက်လာတယ်။ ဦးနုရ်ဘောက်တောရဲ့ တိုက်အိမ်တံခါးကို ဖြိုဖျက် ဆိုဖာဆက်တီနဲ့ တစ်ခြား ပစ္စည်းတွေ အများကြီး ယူသွားတယ်၊ သိန်း ၁၀၀ ဖိုးလောက်ရှိမယ်” ဟု ဆက်လက်ပြောသည်။

န.တ.လ ရွာသားများနှင့် နယ်ခြားစောင့်ရဲများသည် လွန်ခဲ့သည့် ဖေဖော်ဝါရီလတွင်လည်း ငါးစကြူးကျေးရွာမှ သစ်ဖြင့် ဆောက်လုပ်ထားသည့် အိမ်ငယ် ၃ လုံးကို ဖြိုဖျက်၍ သစ်များ ယူဆောင်သွားခဲ့သည်။ 

ကြက်ရိုးပြင် ရေကျော်တံတား အနီးရှိ နယ်ခြားစောင့်တပ်ခွဲ ၆ မှ တပ်ဖွဲ့ဝင်များကလည်း ကြက်ရိုးပြင်ကျေးရွာမှ အိမ်များ ဖြိုဖျက်၍ သစ်များ ယူဆောင်သွားလျက်ရှိသည်။ 

မောင်တောမြောက်ပိုင်းမှ ရခိုင်ရွာများ ဖြစ်ကြသည့် အောင်မင်္ဂလာ၊ ဖားဝပ်ချောင်း၊ လောင်းဒုံး၊ ကြိမ်ချောင်း၊ ငါးခူရ၊ အောက်ပြူးမ၊ ဝက်ကျိန်း၊ သူရိန်း (သူရိုင်း)၊ စံကားပင်ရင်း စသည့် ရခိုင်ရွာများမှ ရခိုင်ရွာသားများက ရိုဟင်ဂျာရွာများသို့ သွား၍ လွှစက်ငယ်များဖြင့် အပင်များကို နေ့စဉ် ပိုင်းဖြတ်၍ ယူဆောင်သွားနေသည်။ ဌာနဆိုင်ရာများက သိသော်လည်း ဟန့်တားခြင်း မရှိပေ။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ