မောင်တော မောင်နီရွာကို နယ်ခြားစောင့်ရဲများနှင့် စစ်သားများက သုံးရက်တိတိ စစ်ဆေး
မင်းနိုင်ဦး Rohingya Today
မြို့မကညင်တန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး (၂၀၁၅)

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မကညင်တန်းကျေးရွာအုပ်စု၊ မောင်နီရွာသို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ မ.က.ဖ နှင့် စစ်သားများ သုံးရက်ဆက်တိုက် ဝင်ရောက်၍ မိသားစုတိုင်းကို သုံးကြိမ်တိုင်တိုင် စစ်ဆေးပြီး၊ နေအိမ်များကိုလည်း ဝင်ရောက်ရှာဖွေခဲ့သည်။

မတ်လ (၂၀) ရက်နေ့ နံနက် အာရုဏ်တက်ချိန်တွင် မောင်တောမြို့နယ်၊ မြို့မကညင်တန်းကျေးရွာအုပ်စု၊ မောင်နီရွာသို့ မြို့မကညင်တန်း လမ်းကြောင်းမှ အင်အား ၆၀ ခန့်ရှိသည့် စစ်သားများ၊ မောင်နီရွာ၏ အနောက်ဘက် ခြံစည်းရိုး လမ်းကြောင်းမှ အင်အား ၅၀ ခန့် ရှိသည့် စစ်သားများ ဝင်ရောက်လာပြီး ရွာကို ဝန်းရံထားခဲ့သည်။ ထို့နောက် မြို့မတောင်ရပ်ကွက် လမ်းကြောင်းအတိုင်း စစ်သားများ၊ မ.က.ဖ နှင့် နယ်ခြားစောင့်ရဲများ ဝင်ရောက်လာခဲ့သည်။ 

စစ်သားများ၊ နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ တို့သည် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် တွေ့ဆုံပြီးနောက် အဖွဲ့များခွဲပြီး တစ်အိမ်တက်တစ်အိမ်ဆင်းစနစ်ဖြင့် နေအိမ်တိုင်းကို ဝင်ရောက်၍ အိမ်ထောင်စု လူဦးရေစာရင်းနှင့် မိသားစုဝင်များကို တိုက်ဆိုင်စစ်ဆေး၍ ဓါတ်ပုံရိုက်ကူးခဲ့သည်။ နေအိမ်များကိုလည်း ရှာဖွေခဲ့သည်။

တစ်နေကုန် ရှာဖွေစစ်ဆေးပြီးနောက် ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်း၊ လူတစ်ဦးတစ်ယောက်မှ မတွေ့ရှိသဖြင့် စစ်သားများ၊ မ.က.ဖ နှင့် နယ်ခြားစောင့်ရဲများသည် ညနေ နေဝင်ချိန်တွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။ 

မတ်လ (၂၁) ရက်နေ့ နံနက် မိုးလင်းသည်နှင့် အဆိုပါ အဖွဲ့သည် ရွာထဲသို့ ပြန်လည်ရောက်ရှိလာပြီး တစ်ရွာလုံးကို ရှာဖွေ စစ်ဆေးခဲ့သည်။ ယင်းနေ့တွင်လည်း ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်း၊ လူတစ်ဦးတစ်ယောက်မှ မတွေ့ရှိခဲ့သော်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ရင်းမှူးက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအဒူရာမာန်ကို ရွာသားများ ရှေ့မှောက်တွင် ထိုးကြိတ်ခဲ့ကြောင်း ရွာသားတစ်ဦးက Rohingya Today သို့ပြောပါသည်။ 

ရွာသားအချို့သည် အခြားကျေးရွာများသို့ အလုပ်လုပ်ရန် သွားရောက်နေသဖြင့် စစ်ဆေးစဉ် မရှိသောကြောင့် မတ်လ (၂၃) ရက်နေ့တွင် ပျက်ကွက်သူများအားလုံး မိသားစုအားလုံးနှင့် အတူရှိနေရန် မှာကြားထားပြီး၊ အကယ်၍ ရှိနေရန် ပျက်ကွက်ပါက အိမ်ထောင်စု လူဦးရေစာရင်းမှ ပယ်ဖျက်သွားမည်ဟု ပြောကြား၍ စစ်ဆေးသည့်အဖွဲ့ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

အဆိုပါ အဖွဲ့သည် မတ်လ (၂၂) ရက်နေ့တွင် နံနက်ပိုင်းတွင် ထပ်မံရောက်ရှိလာပြီး အဖွဲ့ ၄ ဖွဲ့ခွဲကာ ရွာ၏ လေးဘက်စလုံးကို စစ်ဆေးခဲ့သည်။ ထို့နောက် မ.က.ဖ အဖွဲ့ဝင်များသည် ရွာ၏ လေးဘက် လေးနေရာတွင် နေရာယူပြီး ရွာသားများကို ၎င်းတို့ရှိရာ နေရာများသို့ ခေါ်၍ မိသားစုတစ်စုပြီးတစ်စု စစ်ဆေးခဲ့သည်။ နေ့လည် ၃ နာရီအချိန်တွင် စစ်ဆေးပြီးစီးပြီးနောက် ပြန်လည် ထွက်ခွာသွားကြသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်ဆေးသည့်အဖွဲ့အတွက် အချိုရည်၊ မုန့်၊ ရေသန့်ဘူး။ ကွမ်း၊ ဆေးလိပ်များ နေ့စဉ် စီစဉ်ပေးခဲ့ရသည်။ မတ်လ (၂၂) ရက်နေ့တွင် နေ့လည်စာပါ ပြင်ဆင်ပေးခဲ့ကြောင်း သိရှိရသည်။ 

ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား စသည့်မြို့နယ်များတွင် အစိုးရတပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း စစ်သားများ၊ မ.က.ဖ နှင့် နယ်ခြားစောင့်ရဲများက မောင်တောမြို့နယ်ရှိ ရိုဟင်ဂျာများကို ရှာဖွေစစ်ဆေးနေသည်မှာ နားလည်ရန်ပင်ခက်နေသည်ဟု ဒေသခံများက ဝေဖန်နေကြသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ