ဘူးသီးတောင်မြို့နယ် တရားရုံးတွင် ဘာသာပြန် လုပ်နေသူက ရိုဟင်ဂျာများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာအုပ်စုမှ ဦးအာနိုဝါရ်ဆာဆဲက် (ဘ) ဦးကာမာလ် သည် လွန်ခဲ့သည့် ၃ နှစ်ခန့်မှစ၍ ဘူးသီးတောင်မြို့နယ် တရားရုံးတွင် ဘာသာပြန်အဖြစ် လုပ်ကိုင်လျက်ရှိပြီး၊ ရိုဟင်ဂျာများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်လျက်ရှိသည်။

ဘူးသီးတောင်မြို့နယ် တရားရုံးတွင် ဘာသာပြန်အဖြစ် လုပ်ကိုင်လျက်ရှိသည့် ဦးအာနိုဝါရ်ဆာဒဲက် (ဘ) ဦးကာမာလ် (အသက် ၃၄ နှစ်) သည် တရားရုံးတွင် နေရာတစ်နေရာ ရထားသည်ကို အခွင့်ကောင်းယူ၍ တရားသူကြီး၊ ဥပဒေအရာရှိ တို့၏ နာမည်များကို ရောင်းစားနေသည့်အပြင် ကျေးလက်ဒေသမှ ပညာမဲ့ ရိုဟင်ဂျာများကို လိမ်လည်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်၍ ငွေညှစ်လျက်ရှိသည်။ 

ကျေးလက်ဒေသမှ စာပေမတတ်သော ရိုဟင်ဂျာများသည် ကိစ္စတစ်ခုခုကြောင့် တရားရုံးသို့ ရောက်လာလျှင် ၎င်းက ဘာသာစကားမတတ်သည်ကို အခွင့်ကောင်းယူ၍ တရားသူကြီးနှင့် ဥပဒေအရာရှိတို့၏ အမည်များကို အလွဲသုံးစားပြုလုပ်ခြင်း၊ လိမ်လည်၍ ဘာသာပြန်ပေးခြင်း၊ ခြိမ်းခြောက်ခြင်း စသည် နည်းမျိုးစုံသုံး၍ ငွေညှစ်လျက်ရှိသည်ဟု ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

ဖရုံချောင်းကျေးရွာအုပ်စုမှ ဒေါ်နုရ်နာရ်ဘေဂမ် သည် အိမ်နီးချင်းဖြစ်သူ ဦးကာမာလ်ဟူဆောင်းနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး၊ တရားရုံးတွင် ဘာသာပြန်လုပ်ကိုင်သူ ဦးအာနိုဝါရ်ဆာဒဲက် က ဒေါ်နုရ်နာရ်ဘေဂမ်ကို အမျိုးမျိုး ဖြောင်းဖြပြီး တရားစွဲဆိုခိုင်းခဲ့သည်။ ထို့နောက် တရားသူကြီး၊ စာရေးကြီးနှင့် ဥပဒေအရာရှိ တို့ကို ပေးရမည်ဟု ဆိုကာ နှစ်လခန့်အတွင်း ငွေကျပ် ၆ သိန်း ညှစ်ယူခဲ့သည်။ 

ထို့အပြင် ဦးကာလာမ်ဟူဆောင်း ထံမှ ငွေကျပ် ၅ သိန်း ညှစ်ယူရန် ကြိုးစားခဲ့သော်လည်း ဦးကာမာလ်ဟူဆောင်းက အလွန်ဆင်းရဲသောကြောင့် ငွေမပေးနိုင်သောကြောင့် ထောင်ကျအောင် လုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ 

လွန်ခဲ့သည့် ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကျောက်ဖြူသားသေကံကျေးရွာမှ ဦးဘော်ကော်ရ် (ဘ) ဦးအဒူဆော်လာမ် ကို ခြိမ်းခြောက်၍ ငွေကျပ် ၄ သိန်းခွဲ ညှစ်ယူခဲ့သည်။ ဦးနာဆဲရ်အာမတ် (ဘ) ဦးမောဂုလ်ဟူဆောင်းထံမှ ငွေကျပ် ၂၈၀၀၀၀/-၊ ဦးအာဘူလ်ကာဆိမ်း (ဘ) ဦးဆော်ဒါရ်ဟူဆောင်း ထံမှ ငွေကျပ် ၃ သိန်းခွဲ၊ ဦးဆော်ယောဒ် (ဘ) ဦးအဒူမော်ဇိတ် ထံမှ ငွေကျပ် ၄၂၀၀၀၀/-၊ ဦးမာမတ်နုရ် (ဘ) ဦးအာဘူလ်ဟူဆောင်း ထံမှ ၄ သိန်း ညှစ်ယူခဲ့ကြောင်း သိရသည်။ 

“နားမလည်တဲ့လူတွေကို ခြိမ်းခြောက်ပြီး နည်းမျိုးစုံ ငွေညှစ်တယ်။ လိမ်တယ်၊ ခြိမ်းခြောက်တယ်၊ အခုလို လုပ်နေတာက တရားရုံးရဲ့ ဂုဏ်သိက္ခာကျအောင် လုပ်နေတာပါ။ အဲဒါကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေက လိုအပ်သလို အရေးယူ ဟန့်တားပေးဖို့ တောင်းဆိုပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ