ဘူးသီးတောင် ကျောက်ရန် အာဘူရွာ အနီး ဖြစ်ပွားသည့် စစ်တပ်နှင့် AA တို့၏ တိုက်ပွဲတွင် ရိုဟင်ဂျာ (၅) ဦး ဒဏ်ရာရ
အောင်မင်း Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကျောက်ရန်ကျေးရွာအုပ်စု အာဘူရွာ အနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်မတော် တို့အကြား တိုက်ပွဲဖြစ်ပွားပြီး၊ ရိုဟင်ဂျာရွာသား (၅) ဦး ဒဏ်ရာရရှိခဲ့သည်။

ယနေ့ မတ်လ (၁၉) ရက်နေ့ ည ၉ နာရီတွင် ဘူးသီးတောင်မြို့နယ် ကျောက်ရန်ကျေးရွာအုပ်စု၊ အာဘူရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ အာဘူရွာမှ ကျောင်းဆရာ ဦးအာရော်ဖ်အုလ္လာ အပါအဝင် ရိုဟင်ဂျာအမျိုးသား (၃) ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး၊ စုစုပေါင်း ၅ ဦး ကျည်ဆံထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

ည ၁၀ နာရီခန့် အချိန်တွင် တိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူများမှာ အသက်အန္တရာယ်စိုးရိမ်စရာ မရှိဟု ဒေသခံများက ဆိုသည်။ 

အာဘူရွာသည် အာရှလမ်းမ၏ အနောက်ဘက်တွင် တည်ရှိပြီး လမ်းမ၏ အရှေ့ဘက်တွင် တောင်ကုန်း တောင်တန်းရှိသည်။ AA က တောင်ကုန်းထဲမှ အနောက်ဘက်လမ်းမပေါ်ရှိ စစ်တပ်အား ပစ်ခတ်ပြီး၊ စစ်တပ်က လမ်းမပေါ်မှ အရှေ့ဘက် တောင်တန်းဘက်သို့ ပစ်ခတ်သည်ဟု ဒေသခံများက ပြောပါသည်။

အာဘူရွာသည် လမ်းမ၏ အနောက်ဘက်တွင် တည်ရှိသဖြင့် အနောက်ဘက်သို့ ဦးတည် ပစ်နေသည့် AA ၏ ကျည်ဆံများသည် အာဘူရွာသို့ ကျရောက်၍ အပြစ်မဲ့ပြည်သူများကို ထိမှန်ခြင်း ဖြစ်သည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ