AA က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာရွာသားတစ်ဦး အသက်ဆုံးရှုံး
အောင်မင်း Rohingya Today
လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားသည့် ဦးအာဘူလ်ဟူဆောင်း (အသက် ၅၅ နှစ်)

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ရက္ခိုင့်တပ်မတော် (AA) က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဖုံညိုလိပ်ကျေးရွာအုပ်စု၊ အကွက် (၁) မှ ရိုဟင်ဂျာရွာသားတစ်ဦး အသက်ဆုံးရှုံးသွားရသည်။

ယနေ့ မတ်လ (၁၉) ရက်နေ့ ညနေ ၄ နာရီတွင် ဦးအာဘူလ်ဟူဆောင်း (ဘ) ဦးမော်ဟောလုဆောင်း သည် ၎င်း၏ အသက် (၉) နှစ် အရွယ် သမီးနှင့်အတူ ၎င်း၏ ဟင်းခင်း၌ အလုပ်လုပ်ပြီး မောပန်းသဖြင့် ဟင်းခင်း အနီးရှိ သရက်ပင်ကြီးအောက်တွင် အရှေ့ဘက်သို့ မျက်နှာမူ၍ နားခိုနေစဉ် အရှေ့ဘက်တောင်ကုန်းထဲမှ AA တပ်ဖွဲ့ဝင်များ ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်ပြီး ခြေထောက်နှစ်ဖက်စလုံး ကြေမွသွားပြီး ယင်းနေရာတွင်ပင် ချက်ချင်း သေဆုံးသွားခဲ့သည်။ 

ဦးအာဘူလ်ဟူဆောင်း သည် အသက် (၅၅) နှစ်အရွယ်ဖြစ်ပြီး ဖုံညိုလိပ်ကျေးရွာအုပ်စု၊ အကွက် (၁) အဒူဂေါ်နီရွာမှ ဖြစ်သည်။ ၎င်းသည် ရွာ၏ အရှေ့ဘက်ရှိ ကားလမ်း (အာရှလမ်းမ) ၏ အရှေ့ဘက် တစ်ဖာလုံခန့် အကွာတွင်ရှိသော တောင်ကုန်းအနီးတွင် အခြားသော ရွာသားများနှင့် အတူ ဟင်းခင်း စိုက်ထားသူ ဖြစ်သည်။

၎င်းအား လက်နက်ကြီးဖြင့် ထိမှန်စဉ် ပေ ၂၀ ခန့်အကွာတွင် ၎င်း၏ အသက် (၉) နှစ် အရွယ် သမီးငယ်ရှိသည်။ အရှေ့ဘက် တောင်ကုန်းမှ လက်နက်ကြီး လာသည်ကို သမီးငယ်က မြင်တွေ့ခဲ့သည်ဟု ဆိုသည်။ လက်နက်ကြီး ပေါက်ကွဲပြီး၊ ဦးအာဘူလ်ဟူဆောင်း အား ထိမှန်ခြင်းကြောင့် တောင်ကုန်းအနီးအနားတွင် ဟင်းခင်းစိုက်နေသည့် ရိုဟင်ဂျာရွာသားများ အားလုံး အထိတ်တလန့် ဖြစ်ကြပြီး၊ ဖုံညိုလိပ်ကျေးရွာတာဝန်ခံမှ တဆင့် ဌာနဆိုင်ရာသို့ သတင်းပို့ခဲ့ကြသည်။ ဌာနဆိုင်ရာများက လာရောက် ကြည့်ရှုမည်ဟု ပြောဆိုသဖြင့် အလောင်းကို ယင်းနေရာတွင်ပင် ညနေ ၅ နာရီကျော်ထိ ထားခဲ့သော်လည်း ဌာနဆိုင်ရာများ လာရောက် မကြည့်ရှုခဲ့ပေ။

ညနေ ၅ နာရီကျော်တွင် ကျေးရွာတာဝန်ခံ၏ အမိန့်ဖြင့် ဦးအာဘူလ်ဟူဆောင်း၏ ရုပ်အလောင်းကို မိသားစုဝင်များက ဘူးသီးတောင် ဆေးရုံသို့ သယ်ယူသွားပြီး၊ ယခုအချိန်ထိ ဘူးသီးတောင် ဆေးရုံတွင် ရှိနေသည်။ 

AA က ပစ်ခတ်ခြင်းနှင့် ပတ်သက်၍ ဒေသခံရွာသားတစ်ဦးက “လက်နက်ကြီးနဲ့ မပစ်ခင် မိနစ် ၃၀ လောက် အလိုမှာ AA တပ်ဖွဲ့ဝင်တွေ အခု အခင်းဖြစ်တဲ့နေရာနားက တောင်ကုန်းထဲမှာ လှုပ်ရှားနေတာ တွေ့ခဲ့တယ်။ ၁၇ ရက်နေ့ ည ၁၀ နာရီလောက်မှာလည်း အဲဒီနေရာမှာပဲ AA နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲ ဖြစ်ခဲ့တယ်။ AA က တောင်ကုန်းထဲကနေ ပစ်တယ်၊ မြန်မာစစ်တပ်က ကားလမ်းပေါ်ကနေ ပစ်ခဲ့တယ်။ အဲဒီတောင်ကုန်းထဲမှာ AA ရှိနေတာကြောင့် မြန်မာစစ်တပ်က ကားလမ်းကျော်ပြီး အရှေ့ဘက် တောင်ကုန်းကို မသွားရဲကြဘူး” ဟု Rohingya Today သို့ပြောပါသည်။ 

A Rohingya man hit by AA's artillery

မတ်လ (၈) ရက်နေ့ ည ၁၀ နာရီတွင် ရသေ့တောင်မြို့နယ်၊ အာကာတောင်ရွာသို့ မြန်မာစစ်တပ် ဝင်ရောက်သည်နှင့် AA တပ်ဖွဲ့ဝင်များက သုံးဖက်မှ ဝိုင်း၍ တိုက်ခိုက်ခဲ့သည်။ ယင်းနေ့ညကလည်း ယခု ဦးအာဘူလ်ဟူဆောင်းကို ထိမှန်သည့် လက်နက်ကြီးများ တွေ့ရှိခဲ့သည်။ 

A Rohingya man hit by AA's artillery

“အာဘူလ်ဟူဆောင်းက သရက်ပင်အောက်မှာ အရှေ့ဘက်တောင်ကုန်းဘက်ကို မျက်နှာမူပြီး ထိုင်နေတော့ စစ်တပ် စောင့်ခိုင်းထားတဲ့ သူလျှိုလို့ AA က ထင်သွားပုံရတယ်။ AA လှုပ်ရှားနေတာကို စစ်တပ်ကို သတင်းပေးဖို့ ဖြစ်နိုင်တယ်ဆိုပြီး AA က ထင်သွားတာ ဖြစ်မယ်။ အဲဒါကြောင့် သူ့ကို တိုက်ရိုက် ထိအောင် ပစ်တာ ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ သုံးသပ်နေတယ်။ တကယ်တော့ သူက သာမာန် လယ်သမား တစ်ယောက်ပါ” ဟု ရပ်မိရပ်ဖ တစ်ဦးက ပြောသည်။ 

မတ်လ (၁၇) ရက်နေ့ နေ့လည်ပိုင်းတွင် မင်းပြားမြို့နယ်၊ ပန်းမြောင်းမြို့နယ်၊ သရက်အုပ်ကျေးရွာသို့ AA တပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး AA ၏ သတင်းများကို စစ်တပ်သို့ ပို့သည်ဟု စွပ်စွဲခဲ့သည်။ ရွာသားများက မိမိတို့အနေဖြင့် တစ်ဖက်၏ သတင်းကို အခြားတစ်ဖက်သို့ မပြောကြောင်း ရှင်းပြခဲ့သည်။ AA တပ်ဖွဲ့ဝင်များက စစ်တပ်ကို ရွာထဲသို့ အဝင်မခံရန်၊ စစ်တပ်နှင့် စကားမပြောရန်၊ ပြောပါက သတ်မည်၊ ဖမ်းမည်၊ ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့သည်။ 

ယခုလအစောပိုင်းကလည်း ရသေ့တောင်မြို့နယ် မြောက်ပိုင်းတွင် AA တပ်ဖွဲ့ဝင်များက ရိုဟင်ဂျာရွာသားများအား စစ်တပ်ကို ရွာထဲသို့ အဝင်ခံပြီး၊ AA ၏ သတင်းများကို စစ်တပ်အား ပေးသည်ဟု စွပ်စွဲ ပြောဆိုပြီး၊ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ