ဘူးသီးတောင် (၅) ရပ်ကွက် အကွက် (၁) ရာအိမ်မှူးက အပြစ်မဲ့ လူငယ်တစ်ဦးကို ထိုးကြိတ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမှတ် (၅) ရပ်ကွက်၊ အကွက် (၁) ရာအိမ်မှူးက အပြစ်မဲ့ လူငယ်တစ်ဦးကို မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ ထိုးကြိတ်ခဲ့သည်။

အမှတ် (၅) ရပ်ကွက်၊ အကွက် (၁) ရာအိမ်မှူး ဦးဟာမီဒူလ္လာသည် မတရားသဖြင့် ငွေညှစ်ခြင်း၊ အာဏာပြ၍ ထိုးကြိတ်ရိုက်နှက်ခြင်းများ မကြာခဏ ပြုလုပ်လျက်ရှိသည်။ 

မတ်လ (၁၇) ရက်နေ့ ည ၇ နာရီတွင် အမှတ် (၅) ရပ်ကွက်၊ အကွက် (၁) မှ အာနိုဝါရ်ကိုင်ဆဲရ် (ဘ) ဦးမာမတ်ဆော်ယာဒ် (အသက် ၂၀ နှစ်) ကို ရာအိမ်မှူး ဦးဟာမီဒူလ္လာ က ၎င်း၏ တပည့်ဖြစ်သူ ကျူးလ္လား ဆိုသူမှတဆင့် ၎င်း၏ အိမ်သို့ ဆင့်ခေါ်၍ မတ်လ (၁၆) ရက်နေ့က “ရာအိမ်မှူး ဟာမီဒူလ္လာ က ရွာသားများမှ မတရားသဖြင့် ငွေညှစ်ကြောင်း၊ ရွာသားများကို မတရားသဖြင့် ကင်းစောင့်ခိုင်းကြောင်း” အင်တာနက်ပေါ်သို့ သတင်းရေးပို့ခဲ့သည်ဟု စွပ်စွဲကာ ထိုးကြိတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

အာနိုဝါရ်ကိုင်ဆဲရ်က ၎င်းက ပေးပို့ခဲ့ခြင်း မဟုတ်ကြောင်း ကျမ်းကျိန်ပြောဆိုသော်လည်း ရာအိမ်မှူးက ယုံကြည် မပေးဘဲ ၎င်းကို ဆက်လက်ထိုးကြိတ်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ 

အာနိုဝါရ်ကိုင်ဆဲရ်သည် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ခဲ့သူ ဖြစ်သောကြောင့် ရာအိမ်မှူးက “မင်းစာတတ်တယ်၊ ဒါမင်းရေးပြီး ပို့တာ” ဟု စွပ်စွဲနေခြင်းသာ ဖြစ်သည်။ 

ရာအိမ်မှူး၏ ထိုးကြိတ်မှုကြောင့် အာနိုဝါရ်ကိုင်ဆဲရ်၏ နှုတ်ခမ်းနှင့် နှာခေါင်း ကွဲပြတ်၍ သွေးထွက်ခဲ့ရသည်။ ရာအိမ်မှူးက ၎င်းကို ထိုးကြိတ်နေစဉ် “ငါငွေညှစ်စားရင် မင်းနဲ့ ဘာဆိုင်လို့လဲ၊ ငါ ကင်းစောင့်ခိုင်းရင် မင်းနဲ့ ဘာဆိုင်လို့လဲ၊ ဒီရပ်ကွက်မှာ ငါက ရှင်ဘုရင်၊ ငါလုပ်ချင်သလို လုပ်မယ်၊ ဘယ်သူမှ ပြောခွင့်မရှိဘူး” ဟု ကြုံးဝါး ပြောဆိုခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ