နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ခွဲ (၆) က ရိုဟင်ဂျာအိမ်များ ဖြိုဖျက်၍ သစ်များ သယ်ယူသွား
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကြက်ရိုးပြင်ကျေးရွာ ရေကျော်တံတား အနီး၌ အခြေစိုက်သည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ခွဲ (၆) မှ ရိုဟင်ဂျာအိမ်များကို ဖြိုဖျက်၍ သစ်များ သယ်ယူသွားသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း ကြက်ရိုးပြင်ကျေးရွာ ရေကျော်တံတား အနီး၌ အခြေစိုက်သည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ခွဲ (၆) မှ တပ်ဖွဲ့ဝင်များသည် ကြက်ရိုးပြင်ကျေးရွာနှင့် ငါးစကြူးကျေးရွာများသို့ သွားရောက်၍ လူမနေတော့သည့် အိမ်အလွတ်များကို ဖြိုဖျက်၍ သစ်များကို ကားများဖြင့် ၎င်းတို့၏ စခန်းအနီးသို့ သယ်ယူသွားပြီး ပုံထားကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

၎င်းတို့က သစ်များကို သစ်အရောင်းအဝယ် ပြုလုပ်နေသည့် ရခိုင်လူမျိုးကို ရောင်းချလျက်ရှိပြီး၊ ဝယ်ယူသူများက မောင်တောမြို့ရှိ သစ်အရောင်းဆိုင်များနှင့် အခြားလူများကို ဆက်လက်ရောင်းချသည်။

ရိုဟင်ဂျာများ၏ အိမ်အလွတ်များကို ဖြိုဖျက်ရောင်းချနေသည်မှာ ၆ လ ကျော်ရှိနေပြီ ဖြစ်ပြီး၊ အစပိုင်းတွင် အိမ်ငယ်များကိုသာ ဖြိုဖျက်ယူသွားသော်လည်း နောက်ပိုင်းတွင် အိမ်ကြီးများကိုပါ ဖြိုဖျက်၍ သစ်များကို သယ်ယူသွားသည်။ 

မတ်လ (၇) ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ခွဲ (၆) မှ တပ်ဖွဲ့ဝင်များသည် ကားတစ်စီးဖြင့် ကြက်ရိုးပြင် ကျေးရွာသို့ သွားရောက်၍ ဦးဟာဘေဇူလ္လာ၏ အိမ်ကြီးကို ၎င်းတို့ ကိုယ်တိုင် ဖြိုဖျက်၍ ကားပေါ်တင် သယ်ယူသွားသည်။ ယင်းအိမ်၏ တန်ဖိုးမှာ ကာလပေါက်ဈေးအရ သိန်း ၁၀၀ ကျော်ရှိသည်။ 

ယခုလ လဆန်းပိုင်းတွင်လည်း ငါးစကြူးကျေးရွာအုပ်စု ရွာသစ်သို့ သွားရောက်၍ ဦးနူရ်ဘော်ရှော်ရ်၏ အိမ်အပါအဝင် ပျဉ်ထောင်အိမ် (၃) လုံးကို ဖြိုဖျက်၍ သစ်များ ယူသွားပြီး ခေါင်မိုးနှင့် ဝါးနံရံများကို ဖျက်ဆီး၍ ထားခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ