အစိုးရ တပ်မတော်နှင့် AA တို့အကြား ဖြစ်ပွားသော တိုက်ပွဲတွင် ရိုဟင်ဂျာများ ကျည်ဆံထိမှန်ပြီး ဒဏ်ရာရ
ခင်မောင်နိုင် Rohingya Today

ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် မတ်လ (၁၆) ရက်နေ့ ညပိုင်းတွင် အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာများ ကျည်ဆံထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ 

မတ်လ (၁၆) ရက်နေ့ ည ၉း၃၀ နာရီမှ မတ်လ (၁၇) ရက်နေ့ နံနက် ၂ နာရီထိ ကျောက်တော်မြို့နယ်ရှိ စ.က.ခ (၉) အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။  

“ည ၉ နာရီခွဲမှာ သေနတ်သံတစ်ကြိမ် ကြားရတယ်။ ပြီးတော့ သေနတ်သံတွေ ဆက်တိုက်ကြားရတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေ ကြားရတယ်။ အစိုးရ တပ်မကလည်းပစ်၊ AA ဘက်ကလည်းပစ် အပြန်အလှစ် ပစ်ကြတာ။ ကျည်ဆံတွေက လူနေအိမ်တွေကို ကျတယ်။ အပင်တွေကို ထိတယ်။ တိရစ္ဆာန်တွေကိုလည်း ထိတယ်။ တပ်မနဲ့ ကပ်လျက်ရှိတဲ့ ခေါင်းတုတ်ကျေးရွာအုပ်စု၊ ပလောင်းရွာမှ လူနေအိမ်တွေရဲ့ ခေါင်မိုးပေါ်ကို ကျည်ဆံတွေ အဆက်မပြတ်ကျလာပြီး အိမ်ခေါင်မိုးတွေ ပျက်စီးသွားတယ်။ နွားနှစ်ကောင် ကျည်ဆံထိပြီး၊ တစ်ကောင် သေသွားတယ်” ဟု ခေါင်းတုတ်ကျေးရွာအုပ်စု၊ ပလောင်းရွာ၏ အခြေအနေကို ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

Rohingyas injured in fights between AA and Tatmadaw

ည ၁၂ နာရီတွင် ခေါင်းတုတ်ကျေးရွာအုပ်စု အလယ်ကျွန်းရွာရှိ ရွာသားများကို ကျည်ဆံထိမှန်ပြီး (၃) ဦး ဒဏ်ရာရရှိခဲ့ပြီး၊ တစ်ဦး သတိလစ်သွားခဲ့သည်။

“ည ၁၂ နာရီမှ ခေါင်းတုတ်၊ အလယ်ကျွန်းကျေးရွာမှာ သေနတ်သံတွေ ဆက်တိုက်ကြားရတော့ လူတွေက အိမ်ကနေ ထွက်ပြီး ခြံဝင်းထဲကနေ ကျည်ဆံသံ ဘယ်ဘက်က လာတာလဲဆိုပြီး ကြည့်ကြတယ်။ အဲဒီမှာ လူ ၃ ယောက် ကျည်ဆံထိပြီး ဒဏ်ရာရရတယ်။ ၃ ယောက်ထဲက တစ်ယောက်ကတော့ ဒဏ်ရာပြင်းလို့ သေလုမျောပါး ဖြစ်နေတယ်။ နောက်တစ်ယောက်က သူ့အနားမှာ လက်နက်ကြီးကျပြီး အငွေ့ထိတာ သတိလစ်သွားတယ်။ နွားနှစ်ကောင် ကျည်ဆံထိပြီး သေတယ်။ တစ်ကောင် ဒဏ်ရာရတယ်။ အိမ်ခေါင်မိုးတွေနဲ့ နံရံတွေ ကျည်ဆံထိပြီး ပျက်စီးသွားတယ်။ ည နှစ်နာရီလောက်ကျမှ တိုက်ပွဲသံ ငြိမ်သွားတယ်” ဟု အလယ်ကျွန်းမှ ဒေသခံတစ်ဦးက ပြောပါသည်။ 

Rohingyas injured in fights between AA and Tatmadaw

မတ်လ (၁၇) ရက်နေ့ နံနက် အစောပိုင်းတွင် ရပ်မိရပ်ဖများက ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စ.က.ခ (၉) မှ အရာရှိများကို ညပိုင်းဖြစ်ပျက်ခဲ့သည့် အခြေအနေများ၊ ဒဏ်ရာရသူများရှိကြောင်း အကြောင်းကြားခဲ့သည်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် စ.က.ခ (၉) တို့မှ တာဝန်ရှိသူများက ဒဏ်ရာရရှိသူများ၏ အမည်များနှင့် အခြားအချက်အလက်များ လာရောက် ယူသွားသော်လည်း ဆေးဝါးကုသရန်အတွက် တစ်စုံတစ်ရာ စီစဉ်ပေးခဲ့ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။ 

ကျည်ဆံထိမှန်ပြီး ဒဏ်ရာရရှိသူများမှာ -- (၁) ဦးအဒူလာမိန် (အသက် ၅၅ နှစ်)၊ (၂) မောင်ဒေါလ္လား (အသက် ၁၃ နှစ်) နှင့် (၃) မိုဟာမတ်ရော်ဖိတ် (ဘ) ဦးမာမတ်ဆိဒိခ် (အသက် ၁၆ နှစ်) -- တို့ဖြစ်ကြသည်။ ဒဏ်ရာပြင်းထန်ပြီး သေလုမျောပါး ဖြစ်နေသူမှာ ဦးအဒူလာမိန် ဖြစ်သည်။ 

ကျောက်တော်မြို့နယ်ရှိ ရိုဟင်ဂျာများသည် ၂၀၁၂ ခုနှစ် နောက်ပိုင်းမှစ၍ မြို့ပေါ်သို့ သွားရောက်ခွင့် ပိတ်ပင်ခံရသည့်အပြင် ဆေးရုံတက်၍ ဆေးဝါးကုသခွင့်ပင် ပိတ်ပင်ခံထားရသည်။ သက်ဆိုင်ရာ အာဏာပိုင်များက မည်သို့မျှ ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် ကျန်းမာရေးလုပ်သာများ၏ အကူအညီဖြင့်သာ ဆေးဝါးကုသမှု ခံယူနေရသည်။ 

ယနေ့ မတ်လ (၁၇) ရက်နေ့ နေ့လည်ပိုင်း ဒဏ်ရာပြင်းထန်နေသည့် ဦးအဒူလာမိန် ကို ပိုက်သည်ရွာသို့ ခေါ်ဆောင်သွားပြီး ဆေးကုသနေရသည်။ 

အစိုးရ တပ်မ အနီးရှိ ရခိုင်ရွာများမှ ရခိုင်ရွာသားများ အခြားရွာများသို့ ပြောင်းရွှေ့နေသောကြောင့် ယခုညလည်း တိုက်ပွဲဖြစ်မည်ကို ရိုဟင်ဂျာရွာသားများက စိုးရိမ် ပူပန်နေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ