ရာအိမ်မှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရင်းနှီးသည်ကို အာဏာပုံစံသုံး၍ ရွာသားများထံမှ ငွေညှစ်
ကျော်စိုး Rohingya Today

 

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမှတ် (၅) ရပ်ကွက်၊ အကွက် (၁) မှ ရာအိမ်မှူးသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်နိုင်စိုးနှင့် ရင်းနှီးသည်ကို အာဏာပုံစံသုံး၍ ရွာသားများထံမှ ငွေညှစ်နေသည်။ 

အမှတ် (၅) ရပ်ကွက်မှ ဆင်းရဲနွမ်းပါးသည့် ရိုဟင်ဂျာအချို့သည် ကိုယ်ပိုင်အိမ်မရှိသဖြင့် အိမ်ငှား၍ နေရသည်။ ယခင်က ကိုယ်ပိုင်အိမ်ရှိခဲ့သူ အချို့သည် အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့၏ အိမ်များ ရောင်းချလိုက်သဖြင့် အိမ်ယာမဲ့ဘဝသို့ ရောက်နေကြသည်။ အိမ်ယာမဲ့ဘဝသို့ ရောက်နေသူများသည် ၂၀၁၇ သြဂုတ်လ နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံနေသူများ ချန်ထားခဲ့သည့် အိမ်အလွတ်များတွင် ဝင်ရောက် နေထိုင်လျက်ရှိသည်။ 

ထိုသို့ ဝင်ရောက်နေထိုင်နေသူများကို ရာအိမ်မှူး ဦးဟာမီဒူလ္လာက ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ အမိန့်အရဟုဆိုကာ ငွေ သောင်းချီ၍ တောင်းခံခဲ့သည်။ ဆင်းရဲနွမ်းပါးသူများက ငွေပေးရန် မရှိသဖြင့် ငွေပေးရန် ငြင်းဆန်ခဲ့ရာ ရာအိမ်မှူးက ငွေမပေးလျှင် ယင်းအိမ်များတွင် နေထိုင်ခွင့်ပြုမှာ မဟုတ်ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး လာရောက်၍ အိမ်များမှ ဖယ်ရှားခံရမည်ဟု ခြိမ်ေးခြာက်ခဲ့သည်။ 

နေအိမ်များမှ ဖယ်ရှားခံရလျှင် နေစရာမရှိတော့မည်ကို စိုးရိမ်၍ ရာအိမ်မှူးကို ဦးဂျာနီ၊ ဦးအစ္စမိုင်လ်၊ ဦးယာစီးန် အပါအဝင် ဒေသခံ (၈) ဦးက ငွေကျပ် ငါးသောင်းစီ ပေးခဲ့ရသည်ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောပါသည်။ 

၂၀၁၇ သြဂုတ်လ နောက်ပိုင်းတွင် ရွာလုံးကျွတ် မီးရှို့ခံရသူ အများစုသည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံလျက်ရှိပြီး လူအနည်းငယ်သာ အနီးအနားရှိ မီးရှို့မခံရသည့် ရွာများသို့ ဝင်ရောက် ခိုလှုံလျက်ရှိသည်။ အမှတ် (၅) ရပ်ကွက် အကွက် (၁) တွင် အခြားရွာများမှ လာရောက်ခိုလှုံနေသည့် မိသားစု ၁၅ စု ရှိပြီး၊ ရာအိမ်မှူးက ၎င်းတို့ကို အမျိုးမျိုး ခြိမ်းခြောက်၍ ငွေတောင်းခံခဲ့သည်။ 

“တကယ်လို့ ငွေမပေးဘူးဆိုရင် ငါ့ရပ်ကွက်မှာ မနေနိုင်အောင် လုပ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ အဲဒီ မိသားစု ၁၅ စုလည်း တစ်မိသားစုကို ငွေ ငါးသောင်းစီ ပေးလိုက်တယ်။ အခု ငွေညှစ်တာက ပထမ အကြိမ်မဟုတ်ဘူး။ ၂၀၁၈ တုန်းကလည်း တစ်ကြိမ် ညှစ်ပြီးပြီ။ အခုက ဒုတိယအကြိမ် ညှစ်တာ” ဟု ရပ်မိရပ်ဖ တစ်ဦးက ပြောသည်။ 

၂၀၁၇ သြဂုတ်လ နောက်ပိုင်းတွင် ရာအိမ်မှူးက ရွာသားများကို ၎င်း၏ အိမ်ရှေ့ရှိ ညီဖြစ်သူ၏ ဆိုင်တွင် ကင်းစောင့်ခိုင်းသည်။ နေ့စဉ် လူ ၄ ဦးကို ကင်းစောင့်ခိုင်းသော်လည်း တစ်ညလျှင် ၁၀ အိမ်စီ ဆင့်ခေါ်၍ လေးအိမ်ကို ကင်းစောင့်ခိုင်းကာ ကျန်သည့် ၆ အိမ်မှ ငွေကျပ် ၃၀၀၀ စီ ကောက်ခံသည်။ အကွက် (၁) တွင် အိမ်ခြေ ၂၀၀ ရှိပြီး၊ တစ်အိမ်လျှင် တစ်လ ၃ ကြိမ်စီ ကင်းစောင့်ရန် တာဝန်ကျသည်။ 

ရာအိမ်မှူး ဦးဟာမီဒူလ္လာက ရွာသားများထံမှ မတရားသဖြင့် ငွေညှစ်နေသည်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်စိုးနိုင် က တားမြစ်ဟန့်တားခြင်း မရှိသည်မှာ ဝေစုရနေသောကြောင့် ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။ 

ရာအိမ်မှူးတစ်ဦး၏ မတရားသည့် လုပ်ရပ်များကို အရေးယူပေးရန် တာဝန်ရှိသူမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်ပြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အရေးယူမှု မပြုလုပ်သောကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးက အရေးယူပေးပါရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ