ရခိုင်ရွာသားများက ရိုဟင်ဂျာများ၏ နွားများကို ဓါးပြတိုက်ယူသွား
ခင်မောင်နိုင် Rohingya Today
မောင်တော အလယ်သံကျော်တွင် ၂၀၁၇ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့က ရိုက်ကူးထားသည့်ပုံ (ဓါတ်ပုံ - AP)

ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်အုပ်ကျေးရွာမှ ရခိုင်ရွာသားများက ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် နွားများကို ဓါးပြတိုက်ယူသွားခဲ့သည်။ 

မတ်လ (၁၀) ရက်နေ့ နံနက် ၁၀း၃၀ နာရီတွင် ကျောက်တော်မြို့နယ်၊ သရက်အုပ်ကျေးရွာမှ ရခိုင်အမျိုးသား (၈) ဦးသည် ဓါးများနှင့် လှံများ ကိုင်ဆောင်၍ သရက်အုပ်ကျေးရွာ၏ အရှေ့ဘက်၊ စစ်တွေ - ရန်ကုန်ကားလမ်း၏ အနောက်ဘက်ရှိ လယ်ကွင်းသို့ ရောက်ရှိလာပြီး လယ်ကွင်း၌ နွားကျောင်းနေသည့် ရိုဟင်ဂျာကလေးငယ်များကို ဓါးများ၊ လှံများဖြင့် ထိုးသတ်မည်ဟု ခြောက်လန့်၍ နွား ၄၂ ကောင်ရှိသည့် နွားအုပ်တစ်အုပ်ကို မောင်းယူသွားခဲ့သည်။ 

ထို့နောက် နွားကျောင်းနေသည့် ကလေးငယ်များသည့် ၎င်းတို့၏ ကျေးရွာဖြစ်သည့် လက်ဆောင်ကောက် ကျေးရွာသို့ အပြေးအလွှား ပြန်၍ မိဘများကို အကြောင်းစုံ ရှင်းပြခဲ့ပြီး၊ မိဘများက ရပ်မိရပ်ဖများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို တိုင်ကြားခဲ့သည်။ 

ရပ်မိရပ်ဖများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က နွားများနှင့် ပိုင်ရှင်များ၏ စာရင်းများ ပြုစု၍ ကျောက်တော်မြို့နယ် ရဲစခန်းသို့ တိုင်ကြားခဲ့သည်။ ယင်းနေ့တွင်ပင် ရဲစခန်းသို့ တိုင်ကြားခဲ့သော်လည်း ယခုအချိန်ထိ မည်သို့မျှ ဆောင်ရွက်ပေးခြင်း မရှိဟု ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

သရက်အုပ်ကျေးရွာမှ ရခိုင်ရွာသားများသည် ရိုဟင်ဂျာများ ကျွဲ၊ နွား ကျောင်းလေ့ရှိသည့် လယ်ကွင်း၊ စားကျက်များသို့ အုပ်စုလိုက် လာရောက်၍ ကျွဲ၊ နွားများကို မကြာခဏ ဓါးပြတိုက်လေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။

“အရင်ကလည်း ဒီလို မကြာခဏ လုသွားတာတွေ ရှိတယ်။ ရဲစခန်းကို တိုင်တာနဲ့ ရဲစခန်းက မှန်မှန်ကန်ကန် လုပ်ပေးတယ်။ အခုတော့ ၆ ရက်ရှိသွားပြီ၊ ဘာမှ လုပ်မပေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

“အခု AA နဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်နေပြီး၊ ရဲစခန်းတွေ တိုက်ခိုက်ခံနေရတာကြောင့် ရဲတွေက ရခိုင်ရွာတွေကို သွားဖို့ ကြောက်နေတာလည်း ဖြစ်နိုင်တယ်” ဟု ၎င်းက သုံးသပ် ပြောဆိုသည်။

အခြားဒေသခံတစ်ဦးက “ရခိုင်ရွာတွေက AA တပ်ဖွဲ့ဝင်တွေ အတွက် ရိက္ခာတွေ စုဆောင်းပေးနေရတယ်လို့ ကြားနေရတယ်။ ဒါက ရခိုင်ရွာတွေဘက်ကနေ ကြားရတာပါ။ အဲဒါကြောင့် အခုလို အစုလိုက်အပြုံလိုက် လုယက်ပြီး ပေးနေတာလည်း ဖြစ်နိုင်တယ်” ဟု ပြောပါသည်။ 

အလားတူ ရသေ့တောင်မြို့နယ် မြောက်ပိုင်းရှိ ရခိုင်ရွာများမှ ရခိုင်ရွာသားများကလည်း ဆင်ခုန်းတိုင်ကျေးရွာအုပ်စု၊ ဆင်ခုန်းတိုင်ကျေးရွာနှင့် လွင့်တောင်ကျေးရွာ၊ ရက်ခုန်းတိုင်ကျေးရွာအုပ်စု အာကာတောင်ကျေးရွာ၊ အုတ်ဖိုကျေးရွာ၊ ကံဆိပ်ကျေးရွာများမှ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် နွားများကို လယ်ကွင်းများနှင့် စားကျက်များမှ ဆွဲယူသွားသည်။ ယခုလ မတ်လ (၁၀) ရက်နေ့က နွား ၆ ကောင်း၊ မတ်လ (၈) ရက်နေ့က နွား ၄ ကောင်၊ မတ်လ (၅) ရက်နေ့က နွား ၁ ကောင်၊ မတ်လ (၁) ရက်နေ့က နွား ၂ ကောင် ဆွဲယူသွားသည်ဟု ဒေသခံများက ပြောပါသည်။ 

ရခိုင်ရွာသားများ ယခုကဲ့သို့ ပြုလုပ်နေခြင်းနှင့် ပတ်သက်၍ “AA ကတော့ ကျွန်တော်တို့ပိုင် ကျွဲ၊ နွား လုတာတွေ၊ ပစ္စည်းတွေ ဖျက်ဆီးတာတွေ၊ လူတွေကို ဖမ်းပြီး ရိုက်နှက်တာတွေ မလုပ်ဘူး။ အခု ကျွန်တော်တို့ ပိုင်တဲ့ ကျွဲ၊ နွားတွေကို ရခိုင်ရွာသားတွေက အတင်းအဓမ္မ လုယူနေတာတွေက AA က ရိက္ခာစုဆောင်း ခိုင်းလို့ လုပ်နေတာဆိုပြီး သုံးသပ်နေကြတယ်” ဟု ရသေ့တောင်မှ ရပ်မိရပ်ဖ တစ်ဦးက ပြောသည်။ 

ကျောက်တော်မြို့နယ် လက်ဆောင်ကောက်ကျေးရွာမှ ဓါးပြတိုက်ခံရသည့် နွားများ၏ ပိုင်ရှင်များမှာ --

(၁) ဦးလာလူး (နွား ၆ ကောင်)
(၂) ဦးနာဆဲရ် (နွား ၂ ကောင်)
(၃) ဦးကာလာ (နွား ၅ ကောင်)
(၄) ဦးရော်ဖိတ် (နွား ၄ ကောင်)
(၅) ဦးအဒူကော်ရီးမ် (နွား ၇ ကောင်)
(၆) ဦးနေဆာရ်အာမတ် (နွား ၂ ကောင်)
(၇) ဦးဒိုင်လူ (နွား ၉ ကောင်)
(၈) ဦးမာမတ်ခါန် (နွား ၅ ကောင်)
(၉) ဦးမာမတ်အလီ (နွား ၂ ကောင်) အပါအဝင် နွားထီး ၂၅ ကောင်နှင့် နွားမ ၁၇ ကောင် - စုစုပေါင်း ၄၂ ကောင် ဖြစ်သည်။ 

ကျောက်တော်မြို့တွင် နွားထီးတစ်ကောင်လျှင် ရှစ်သိန်း၊ နွားမတစ်ကောင်လျှင် လေးသိန်း ပေါက်ဈေးရှိသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ