မောင်တော မြို့မတောင်ရပ်ကွက်မှ မောင်နီရွာထိ လမ်းခင်းရန် တာဝန်ယူထားသူက ကုန်ကျစရိတ်များ လိမ်လည် တင်သွင်း၍ လုပ်ငန်းကို ရပ်ဆိုင်းထား
မောင်ဝံ့သ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက်မှ မောင်နီရွာထိ လမ်းခင်းရန် တာဝန်ယူထားသူက ကုန်ကျစရိတ်များ လိမ်လည်တင်သွင်း၍ လုပ်ငန်းကို ရပ်ဆိုင်းထားသည်။ 

မောင်တောမြို့နယ် ကညင်တန်းကျေးရွာအုပ်စု မောင်နီရွာရှိ လမ်းများကို Norwegian Refugee Council မှ သိန်း ၇၅၀ အကုန်အကျခံ၍ ကျောက်ခင်းပေးလျက်ရှိပြီး၊ ယင်းရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးမာမတ်ရော်ရှိတ် (အုပ်ချုပ်ရေးမှူးဟောင်း) က တာဝန်ယူ လုပ်ကိုင်ခဲ့သည်။ 

လမ်းခင်းရန် တာဝန်ယူထားသူက ရယူထားသည့် ငွေဖြင့် မြို့မတောင်ရပ်ကွက် တံတားမှ မောင်နီရွာ ဘုတ်ဆိပ်အထိ လမ်းခင်းပေးရမည် ဖြစ်သော်လည်း အစိုးရမူလတန်းကျောင်းထိ လမ်းခင်း၍ လုပ်ငန်းကို ရပ်ဆိုင်းထားသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။

“ကျောက်ကားတစ်စီးကို ၈ သောင်းလောက်ထိပဲ ပေးရတာကို တစ်သိန်းခွဲစီ ပေးရတယ်ဆိုပြီး NRC (Norwegian Refugee Council) ကို စာရင်းလိမ်တင်တယ်။ ပြီးတော့ ဘုတ်ဆိပ်အထိ ကျောက်ခင်းဖို့ ဘတ်ဂျက်မရှိတော့ဘူးလို့ ရွာသားတွေကို ပြောနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ဦးမာမတ်ရော်ရှိတ်သည် NRC မှ ချပေးထားသည့် ဘတ်ဂျက်ကို အလွှဲသုံးစား ပြုလုပ်နေသည်ကို ရွာသားများက သိရှိသော်လည်း ဝေဖန်ပြောဆိုရန် ကြောက်ရွံ့နေကြသည်။ ၎င်းသည် တပ်ရင်း ၅၅၁ မှ ဗိုလ်မှူးကျော်ဇေယျ၏ သတင်းပေးတစ်ဦး ဖြစ်ပြီး၊ ခရိုင်ရဲမှူး၏ လူယုံတစ်ဦးလည်း ဖြစ်သည်ဟု ဒေသခံများကဆိုသည်။ 

“အဓိက ခင်းပေးရမယ့် လမ်းမှာ မခင်းဘူး။ မိုးရာသီရောက်ရင် သွားရေး လာရေး အခက်အခဲ ဖြစ်မှာ သေချာတယ်။ အခုလို ရပ်ရွာအကျိုးကို ဖျက်ဆီးတဲ့လူကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးပြီး အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟု ရွာသားတစ်ဦးက ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ