ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ရိုဟင်ဂျာများကို NVC လက်ခံယူရန် စည်းရုံးဟောပြော
မောင်သိန်းထွန်း Rohingya Today

ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးက မတ်လ (၁၂) ရက်နေ့တွင် ငှက်ချောင်းရဲစခန်းတွင် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများကို NVC လက်ခံယူရန် စည်းရုံး ဟောပြောခဲ့သည်။

မတ်လ (၁၂) ရက်နေ့ ညနေ ၅ နာရီခန့်တွင် ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးသည် ငှက်ချောင်းရဲစခန်းသို့ ရောက်ရှိလာပြီး၊ ဆင်ပိုက်ကျေးရွာအုပ်စု၊ ဒုံရွာ၊ လာမ်ဘာဒီယာရွာနှင့် ပုဏ္ဏားကြီးကျေးရွာအုပ်စု၊ ငှက်ချောင်းကျေးရွာ၊ ချာအိတ်သစ်ကျေးရွာ၊ ချာအိတ်ဟောင်းကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့နှင့် ရပ်မိရပ်ဖများကို ငှက်ချောင်းရဲစခန်းသို့ ဆင့်ခေါ်၍ ရိုဟင်ဂျာများကို NVC လက်ခံယူရန် စည်းရုံးဟောပြောခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

“မြို့နယ်အုပ်ချုပ်ရေးမှူးက ခင်ဗျားတို့ မြန်မာနိုင်ငံမှာနေမယ်ဆိုရင် NVC လိုမယ်။ NVC မပါရင် အသွားအလာ လုပ်လို့မရဘူး။ NVC လက်ခံရင် သွားချင်ရာသွားလို့ရမယ်။ အဲဒါကြောင့် NVC ယူကြပါ။ အတင်းယူခိုင်းတာမျိုးတော့ မပြောဘူး။ ခင်ဗျားတို့ ဆန္ဒအတိုင်းသာ ယူပါလို့ ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

“ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေကိုကျတော့ ယူကိုယူရမယ်။ မယူလို့မရဘူး၊ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့က နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် တွေဖြစ်နေလို့၊ ခင်ဗျားတို့ ကိုယ်တိုင်ယူပြီးမှ ရွာသားတွေကို စည်းရုံးနိုင်မယ်လို့ ပြောတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူး၏ စည်းရုံး ဟောပြောပွဲသို့ တက်ရောက်ခဲ့သည့် ရပ်မိရပ်ဖများက ရွာသားများနှင့် တိုင်ပင်၍ အဖြေပေးမည်ဟု ပြောကြားခဲ့သည်။ 

မတ်လ (၁၃) ရက်နေ့တွင် ဟောပြောပွဲသို့ တက်ရောက်ခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများက NVC ယူမည့်သူများ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်၍ စာရင်းသွင်းရန် ကြေညာခဲ့သော်လည်း တစ်ဦးတစ်ယောက်မှ သွားရောက်၍ စာရင်းပေးသွင်းခဲ့ခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ