အာဆီယံ ပါလီမန်များအဖွဲ့ဟု ဆိုသည့် အဖွဲ့တစ်ဖွဲ့ မောင်တောမြို့မှ ရိုဟင်ဂျာများနှင့် တွေ့ဆုံမေးမြန်း
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်သို့ အာဆီယံ ပါလီမန်များဟု ဆိုသည့် အဖွဲ့တစ်ဖွဲ့ ရောက်ရှိခဲ့ပြီး၊ ဒေသခံရိုဟင်ဂျာများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။ 

မတ်လ (၉) ရက်နေ့ နေ့လည် ၃ နာရီတွင် အာဆီယံ ပါလီမန်များဟု ဆိုသည့် အဖွဲ့တစ်ဖွဲ့သည် မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာအုပ်စု ရွာသစ်သို့ ရောက်ရှိလာပြီး ရွာသားများနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်။ ၎င်းအဖွဲ့နှင့်အတူ မောင်တောခရိုင်နှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စ.ရ.ဖ၊ စ.စ.စ၊ စသည့် ထောက်လှမ်းရေး အဖွဲ့အစည်းများနှင့် အခြားဌာနဆိုင်ရာများလည်း ပါရှိသည်။ 

အာဆီယံ ပါလီမန်များ အဖွဲ့သည် လူ (၅) ဦးစီဖြင့် အဖွဲ့ (၃) ဖွဲ့ခွဲကာ ရွာသားများနှင့် တွေ့ဆုံ၍ ရွာအခြေအနေ စားဝတ်နေရေး၊ ဒုက္ခသည်များ ပြန်လာရေး ကိစ္စများ၊ ရိုဟင်ဂျာများ၏ သမိုင်းနောက်ခံ တို့ကို မေးမြန်းခဲ့သည်။ 

“အရင်က မြို့ပေါ်ကို သွားပြီး အရောင်းအဝယ် လုပ်လို့ရတယ်။ တောတောင်ထဲသွားပြီး သစ်၊ ထင်း ခုတ်၊ တစ်ချို့က ငါးဖမ်း၊ လယ်ယာစိုက်ပျိုးရေး လုပ်ပြီး လုပ်ကိုင် စားသောက်ခဲ့ကြတယ်။ အခု ၂၀၁၇ သြဂုတ်လ နောက်ပိုင်းမှာ အကုန် ပိတ်လိုက်တာကြောင့် လုပ်စားလို့ မရတော့ဘူး။ ICRC က အထောက်အပံ့ နည်းနည်းပေးတယ်။ ဒါတွေကို ကျွန်တော်တို့ ရွာသားတွေက ရှင်းပြတယ်” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောပါသည်။

ရွာအတွင်းရှိ လယ်မြေများဖြင့် လုပ်ကိုင် စားသောက်နိုင်ခဲ့သော်လည်း ယခုအခါ ယင်းလယ်ယာမြေများကို အစိုးရက အိမ်ဆောက်ရန်ဟုဆိုကာ အလံများ စိုက်ထူ၍ သိမ်းဆည်းလိုက်ပြီ ဖြစ်ကြောင်း၊ လာမည့် မိုးရာသီတွင် လယ်ယာစိုက်ပျိုး၍ လုပ်ကိုင်စားသောက်ရန် အခွင့်အလမ်း မရှိတော့ကြောင်း ရွာသားများက လက်တလော သိမ်းဆည်းခံရသည့် လယ်ယာမြေများ အကြောင်း ရှင်းပြခဲ့သည်။ 

“ဒုက္ခသည်တွေ ပြန်လာရေးနဲ့ ပတ်သက်ပြီး မေးတော့ နိုင်ငံသား ဖြစ်ခွင့်ပြန်ပေးပြီး၊ သူတို့ရဲ့ မူလနေရာတွေမှာ ပြန်ပြီး နေခွင့်ပေးမယ်ဆိုရင် ပြန်လာမှာပေါ့ လို့ ပြောလိုက်တယ်” ဟု ရပ်မိရပ်ဖတစ်ဦးက ဆိုသည်။ 

“ကျွန်တော်တို့ လူမျိုးတွေ ဒီမြေမှာ ဘယ်အချိန်ကတည်းက နေလာတာလဲ၊ ဘယ်လို နေခဲ့လဲဆိုတာ မေးတော့ ကျွန်တော်တို့ ရိုဟင်ဂျာလူမျိုးတွေက ဒီမြေပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက နေလာခဲ့တာ၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ တိုင်းရင်းသားအားလုံးနဲ့ တန်းတူ အခွင့်အရေး ရခဲ့တယ်။ မြန်မာ အသံလွှင့်ဌာနမှာ ရိုဟင်ဂျာ ဘာသာ အစီအစဉ်တောင်ရှိခဲ့တယ်။ နောက်ပိုင်းမှာ ခွဲခြားဆက်ဆံပြီး ညှဉ်းပန်းနှိပ်စက်ခံရတာပါ လို့ အကျယ်အဝန့် ရှင်းပြလိုက်ကြတယ်” ဟု ၎င်းက ဆက်လက် ပြောပါသည်။

အာဆီယံ ပါလီမန်များ အဖွဲ့ကို ဘာသာပြန်ပေးသူများမှာ ၎င်းတို့ ခေါ်ယူလာသည့် ဗမာလူမျိုးများ ဖြစ်ပြီး၊ ၎င်းတို့နှင့်အတူ ပြည်တွင်း မီဒီယာအချို့လည်း လိုက်ပါလာသည်။ 

မတ်လ (၈) ရက်နေ့တွင် ရွှေဇားကျေးရွာအုပ်စု၊ မတ်လ (၁၀) ရက်နေ့တွင် မောင်တော မြောက်ပိုင်းသို့ သွားရောက် ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။  


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ