နယ်ခြားစောင့်ရဲများ ချောဆွဲသွားသည့် ရိုဟင်ဂျာပိုင် စက်လှေတစ်စီးကို AA က တိုက်ခိုက်
အောင်မင်း Rohingya Today
အာကာတောင်ကျေးရွာတွင် ကျည်ဆံထိမှန်သည့် နေရာအချို့

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း အာကာတောင်ကျေးရွာမှ ရိုဟင်ဂျာပိုင် စက်လှေတစ်စီးကို နယ်ခြားစောင့်ရဲများက ချောဆွဲသွားပြီးနောက် ရက္ခိုင့်တပ်မတော် (AA) က တိုက်ခိုက်ခဲ့သည်။ 

မတ်လ (၉) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်တွင် ရဲကင်းစခန်းတစ်ခုကို AA က တိုက်ခိုက်ပြီးနောက် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များရှိ ရဲကင်းစခန်းအချို့ကို ရုပ်သိမ်းခဲ့သည်။ 

မတ်လ (၁၀) ရက်နေ့ ညနေ နေဝင်ချိန်တွင် ရသေ့တောင်မြို့နယ် မြောက်ပိုင်း အိုးဖောက် ကင်းစခန်းရှိ နယ်ခြားစောင့်ရဲ (၁၉) ဦးသည် ၎င်းတို့၏ မိသားစု အမျိုးသမီး (၃) ဦးနှင့် အတူ အာကာတောင်ကျေးရွာမှ ရိုဟင်ဂျာပိုင် စက်လှေတစ်စီးကို ချောဆွဲ၍ မေယုမြစ်အတိုင်း ဘူးသီးတောင်မြို့နယ် ညောင်ချောင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းသို့ သွားနေစဉ် အထက်ကျွဲကြိုမော်ကျေးရွာ ချောင်းဝသို့ ရောက်သောအခါ အင်အား ၃၀ ခန့်ရှိ AA တပ်ဖွဲ့ဝင်များက စက်လှေတစ်စီးဖြင့် နောက်မှ လိုက်လံ၍ လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် စက်လှေ နစ်မြှပ်သွားခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

အခင်းဖြစ်ပွားသည့် နေရာသည် ညောင်ချောင်း နယ်မြေစခန်းနှင့် ၄ ဖာလုံခန့်သာ ကွာဝေးပြီး၊ ပစ်ခတ်သံများ ကြားရပြီးနောက် ညောင်ချောင်း နယ်မြေစခန်းမှ နယ်ခြားစောင့်ရဲများ ထွက်လာပြီး ပစ်ခတ်သဖြင့် AA တပ်ဖွဲ့ဝင်များသည် ၎င်းတို့စီးနင်းလာသည့် စက်လှေဖြင့် မေယုမြစ်၏ တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။ 

ချောဆွဲလာသည့် ရိုဟင်ဂျာပိုင် စက်လှေပေါ်တွင် လိုက်ပါလာသူများအနက် နယ်ခြားစောင့်ရဲ (၇) ဦးနှင့် အမျိုးသမီး (၂) ဦးတို့ ညောင်ချောင်း နယ်မြေစခန်းသို့ ရောက်ရှိနိုင်ခဲ့သော်လည်း ကျန်သည့် နယ်ခြားစောင့်ရဲ (၁၂) ဦးနှင့် အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေခဲ့ပြီး၊ ညအချိန်တွင် နယ်ခြားစောင့်ရဲတစ်ဦး၏ အလောင်းရရှိခဲ့သည်။ 

နယ်မြေစခန်းသို့ ရောက်ရှိလာခဲ့သည့် နယ်ခြားစောင့်ရဲ (၇) ဦးမှ တစ်ဦး ကျည်ဆံထိမှန်၍ ဒဏ်ရာဖြင့် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ 

ချောဆွဲခံရသည့် စက်လှေသမား ရိုဟင်ဂျာ နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခြင်း မရှိပဲ လွတ်မြောက်ခဲ့သော်လည်း ၎င်းတို့၏ စက်လှေ ဆုံးရှုံးခဲ့ရသည်။ သေနတ်သံများကြောင့် အနီးတစ်ဝိုက်ရှိ ဒေသခံများ အထိတ်တလန့် ဖြစ်ခဲ့ရပြီး၊ နောက်နောင် ဤကဲ့သို့ ဖြစ်လာမည်ကို စိုးရိမ်ကြောင့်ကြနေကြသည်။ 

တိုက်ခိုက်ခံရသည့် စက်လှေကို မတ်လ (၁၁) ရက်နေ့တွင် ဝါးမကျ ချောင်းဝ၌ မှောက်လျက် မျှောနေသည်ကို ဒေသခံများက တွေ့ရှိခဲ့ပြီး၊ အနီးအနားရှိ ဒီရေတောထဲတွင် AA တပ်ဖွဲ့ဝင် (၁၀) ဦးခန့်က စက်လှေ နှစ်စီးဖြင့် စောင့်နေသည်ကိုလည်း တွေ့ရှိခဲ့သည်။

မတ်လ (၈) ရက်နေ့ ည ၁၀ နာရီတွင် အာကာတောင် ကျေးရွာသို့ မြန်မာစစ်တပ် ရောက်လာသည်နှင့် တပြိုင်နက် AA တပ်ဖွဲ့ဝင်များက သုံးဖက်မှ ဝိုင်းဝန်း၍ တိုက်ခိုက်ခဲ့ရာ ဒေသခံရိုဟင်ဂျာ ရွာသားများ ထိခိုက်ခြင်း မရှိခဲ့သော်လည်း နွားမတစ်ကောင် ကျည်ဆံထိမှန်၍ သေဆုံးခဲ့ရသည်။ အပင်များ၊ လူနေအိမ် ခေါင်မိုးများ၊ အိမ်နံရံများသို့ ကျည်ဆံများ ထိမှန်ခဲ့သည်။ 

“ကျွန်တော်တို့က ရွာမြောက်ပိုင်းမှာ စုပြီး ပုန်းနေလို့ ကျည်ဆံ မထိကြတာ။ အစိုးရ စစ်တပ်က ရွာနဲ့ ဝေးဝေးမှာ နေမယ်ဆိုရင် ကျွန်တော်တို့ ရွာကို ဒီကျည်ဆံတွေ လာမှာ မဟုတ်ဘူး။ အခုတော့ ကျွန်တော်တို့ လုံခြုံရေး အတွက် အရမ်းစိုးရိမ်နေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မတ်လ (၈) ရက်နေ့ ညပိုင်းတွင် အာကာတောင် ကျေးရွာရှိ လူနေအိမ်များ၊ အပင်များသို့ ကျည်ဆံများ ထိမှန်ခဲ့သည့် ဓါတ်ပုံ အချို့ --

Bullets hit in Arkar Taung hamlet, Rathedaung

Bullets hit in Arkar Taung hamlet, Rathedaung

Bullets hit in Arkar Taung hamlet, Rathedaung

Bullets hit in Arkar Taung hamlet, Rathedaung

Bullets hit in Arkar Taung hamlet, Rathedaung

Bullets hit in Arkar Taung hamlet, Rathedaung


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ