စစ်တွေ ဒါးပိုင်တွင် ဆိုင်ခန်း (၆) ခန်း မီးလောင်ပြာကျ
အောင်ဇံဝေ Rohingya Today

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာအုပ်စု၊ သဲချောင်းရွာ သင်္ချိုင်းအနီးရှိ ဆိုင်တန်းတွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်း ၆ ခန်း မီးလောင်ပြာကျခဲ့သည်။

မတ်လ (၁၂) ရက်နေ့ နံနက် ၈း၃၀ နာရီတွင် စစ်တွေမြို့နယ်၊ ဒါးပိုင်ကျေးရွာအုပ်စု၊ သဲချောင်းရွာ သင်္ချိုင်းအနီးရှိ ဆိုင်တန်းတွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်း ၆ ခန်း မီးလောင်ပြာကျခဲ့သည်။ 

မီးစတင်လောင်ကျွမ်းသည်နှင့် ရွာသူရွာသားများ ရောက်ရှိလာပြီး ဝိုင်းဝန်းပြီး မီးငြိမ်းသတ်ခဲ့သည်။ မီးစတင်လောင်ကျွမ်းခဲ့သည့် ဆိုင်ရှင် ဦးရော်ဖိတ်၏ ခြေ၊ လက်နှင့် ခန္ဓာကိုယ်အနှံ့ မီးလောင်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ 

မီးငြိမ်းရန်နှင့် မီးဆက်လက် မကူးဆက်စေရန်အတွက် ဆိုင်ခန်းနှင့် အိမ်တွဲလျက်ရှိသည့် ဆိုင်ခန်း နှစ်ခန်းကို ဖျက်လိုက်ရပြီး၊ နံနက် ၉ နာရီကျော် အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

မီးငြိမ်းသတ်ပြီးနောက် မီးသတ်ကားများ ရောက်ရှိလာပြီး မီးကြွင်းမီးကျန်များကို ရေလောင်းခဲ့သည်။ 

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက သတင်းအချက်အလက်များ ရယူပြီးနောက် မီးလောင်ပြင်ကို ပလတ်စတစ်ကြိုးများဖြင့် ကြိုးတား၍ တားမြစ်နေရာဟု သတ်မှတ်ထားသည်။ ရဲတပ်ဖွဲ့များလည်း ရောက်ရှိလာပြီး သတင်းအချက်အလက် ရယူခဲ့သည်။ 

မီးလောင်ခံရသည့် ဆိုင်ခန်းများမှ (၃) ခန်းသည် အိမ်နှင့် တွဲလျက်ရှိပြီး၊ အိမ်နှင့်တွဲလျက်ရှိသည့် ဆိုင်ခန်းတွင် ထမင်းဟင်း ချက်ပြုတ်နေရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ မီးလောင်ပြာကျသွားသည့် ဆိုင်ခန်း ၆ ခန်းတွင် စားကုန်ဆိုင်ကြီး နှစ်ဆိုင်ပါဝင်ပြီး၊ တစ်ဆိုင်လျှင် သိန်း ၁၀၀ ကျော်အထိ ရင်းနှီးမြှပ်နှံထားသည့် ဆိုင်များ ဖြစ်သည်။ ကျန်သည့် ဆိုင်ခန်း ၄ ခန်းတွင် တစ်ခန်းလျှင် ၁၀ သိန်းမှ သိန်း ၂၀ ကြား ရင်းနှီးထားသည်ဟု ဒေသခံများက ပြောပါသည်။ 

မီးလောင်ခံရပြီး ဒဏ်ရာရရှိထားသည့် ဦးရော်ဖိတ်သည် ဆေးရုံတက်၍ ဆေးကုခွင့်မရှိသဖြင့် ရွာတွင် ဖြစ်သလို ဆေးကုသနေရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ