ဘူးသီးတောင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ခွဲ (၃) မှ ဒုတပ်ကြပ်တစ်ဦးက ဒေသခံတစ်ဦး၏ ဆိုင်ကယ်ကို ဖျက်ဆီး၍ ထိုးကြိတ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပြင်ကျယ်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ခွဲ (၃) မှ ဒုတပ်တပ်တစ်ဦးက ဒေသခံတစ်ဦး၏ ဆိုင်ကယ်ကို ဖျက်ဆီး၍ ထိုးကြိတ်ခဲ့သည်။ 

မတ်လ (၁၀) ရက်နေ့ ည ၆ နာရီကျော် အချိန်တွင် ဘူးသီးတောင်မြို့နယ် အမှတ် (၁) ရပ်ကွက်မှ ရှောမ်ရှူအာလောမ် (ဘ) ဦးရှော်ဘိရ်အာမတ် (အသက် ၂၅ နှစ်) သည် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှေ့ နတ်တပင်ခွဆုံတွင် ဆိုင်ကယ်ရပ်၍ ဆိုင်ကယ်ပေါ်တွင် ထိုင်နေစဉ် လက်ဝဲဒက်ပြင်ကျယ်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ခွဲ (၃) မှ ဒုတပ်ကြပ်ကျော်ဌေး ရောက်ရှိလာပြီး ၎င်း၏ ဆိုင်ကယ်ဖြင့် ရှော်မ်ရှူအာလောမ်၏ ဆိုင်ကယ် တမင်တကာ တိုက်ခဲ့သည်။ 

ရှော်မ်ရှူအာလောမ်၏ ဆိုင်ကယ်လဲကျသွားသည့်အခါ ဒုတပ်ကြပ်ကျော်ဌေးက ခြေထောက်ဖြင့် နင်း၍ ဖျက်ဆီးသည့်အပြင် ရှော်မ်ရှူအာလောမ်ကိုလည်း ထိုးကြိတ်ခဲ့သည်။ စိတ်တိုင်းကျ ထိုးကြိတ်ပြီးနောက် ဆဲဆို၍ ထွက်သွားခဲ့သည်။ ထိုးကြိတ်ခံရသူကို ၎င်းနှင့် ရင်းနှီးသူနှစ်ဦးက ဆေးကုသရန် ခေါ်သွားပြီးနောက် နေအိမ်သို့ ပို့ပေးခဲ့သည်။

“ဘာအကြောင်းပြချက်မှ မရှိဘဲ အလကားနေ ဆိုင်ကယ်ကို ဝင်တိုက်တယ်။ ပြီးတော့ ဆိုင်ကယ်ကို ခြေထောက်နဲ့ နင်းနင်းပြီး ဖျက်ဆီးပစ်တယ်။ လူငယ်ကိုလည်း ထိုးကြိတ်တယ်။ ဆဲဆိုသွားသေးတယ်။ လူငယ်ကို သူနဲ့ သိကျွမ်းသူ နှစ်ယောက်က တွေ့လို့ ဆေးခန်းခေါ်သွားပြီး အိမ်ပြန် ပို့ပေးခဲ့တယ်။ ဆိုင်ကယ်တော့ လုံး၀ ပျက်စီးသွားတယ်” ဟု ရပ်မိရပ်ဖ တစ်ဦးက Rohingya Today သို့ပြောပါသည်။ 

ဒုတပ်ကြပ်ကျော်ဌေးသည် ဘူးသီးတောင်မြို့နယ် အမှတ် (၅) ရပ်ကွက် ဇာတိဖြစ်သည်။ ယခင်က ဘူးသီးတောင် မြို့မရဲစခန်း၌ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့၍ လက်ဝဲဒက်ပြင်ကျယ် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ခွဲ (၃) တွင် တာဝန်ကျနေသည်။ ဒုတပ်ကြပ်ကျော်ဌေး သည် ရှော်မ်ရှူအာလောမ်နှင့် သိကျွမ်းသူတစ်ဦး ဖြစ်ပြီး လွန်ခဲ့သည့် အပတ်က ရှော်မ်ရှူအာလောမ်ထံမှ ငွေကျပ် ၅ သောင်း တောင်းခံခဲ့ရာ မပေးခဲ့သဖြင့် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ