ဘူးသီးတောင် တောင်ပိုင်းနှင့် ရသေ့တောင် မြောက်ပိုင်းရှိ ရိုဟင်ဂျာများ စားဝတ်နေရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းနှင့် ရသေ့တောင်မြို့နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာများ စားဝတ်နေရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များရှိ ရိုဟင်ဂျာများကို သွားလာ လှုပ်ရှားမှု အားလုံး ပိတ်ပင်လိုက်သဖြင့် အလုပ်လက်မဲ့ ဖြစ်နေကြပြီး စားဝတ်နေရေး အခက်အခဲ ကြုံနေရသည်။ ၎င်းတို့အား ICRC, WFP, MHDO, World Vision, CSI ကဲ့သို့သော အဖွဲ့အစည်းများက နေရာများခွဲ၍ အထောက်အပံ့များ ပေးခဲ့သည်။ ယင်းအဖွဲ့အစည်းများက အထောက်အပံ့များ ပေးအပ်ရာတွင် ရိုဟင်ဂျာလူမျိုးတစ်မျိုးတည်းကိုသာ ထောက်ပံ့ခြင်းမဟုတ်ဘဲ ဒေသတွင်းရှိ လူမျိုးပေါင်းစုံကို ထောက်ပံ့ခဲ့သည်။ 

အချို့ကျေးရွာ ရပ်ကွက်များကို စီးပွားရေး အချက်အချာချသည့် နေရာများဟုဆိုကာ ချန်ထားခဲ့ပြီး၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဘုရားပြင်အောင်ပ (ညောင်ချောင်း) ကျေးရွာလည်း ပါဝင်သည်။ 

ဘုရားပြင်အောင်ပကျေးရွာမှ ရိုဟင်ဂျာအများစုသည် သစ်ခုတ်၊ ထင်းခုတ် လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပြီး၊ အချို့သည် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသည်။ 

ညောင်ချောင်းဈေးသည် ဘူးသီးတောင် တောင်ပိုင်းနှင့် ရသေ့တောင် မြောက်ပိုင်းရှိ ကျေးလက်ဒေသများမှ လူမျိုးပေါင်းစုံ လာရောက် အရောင်းအဝယ် ပြုသဖြင့် အလွန်စည်ကားသည့် ဈေးဖြစ်သည်။ 

ယခုတလော မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် သစ်ခုတ်၊ ထင်းခုတ် လုပ်ငန်းလုပ်ကိုင်သူများသည် တောတောင်များသို့ သွားရောက်နိုင်ခြင်း မရှိခြင်း၊ ငါးဖမ်းသမားများလည်း မြစ်၊ ချောင်းများသို့ မသွားနိုင်ခြင်း၊ ညောင်ချောင်းဈေးသို့ လူအများ လာရောက်နိုင်ခြင်း မရှိခြင်း တို့ကြောင့် ယင်းဒေသမှ ဒေသခံများ အလုပ်လက်မဲ့ ဖြစ်နေကြသည်ဟု ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

“ကျွန်တော်တို့က အထောက်အပံ့လည်း မရ၊ အခု အလုပ်လက်မဲ့ ဖြစ်နေကြတော့ စားဝတ်နေရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်။ ဗုဒ္ဓဘာသာဝင်တွေကိုကျတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက လစဉ် ထောက်ပံ့ပေးနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဘုရားပြင်အောင်ပ ကျေးရွာရှိ ရိုဟင်ဂျာများ အထောက်အပံ့ရရှိရေးအတွက် ICRC ရုံးကို မကြာခဏ တောင်းဆိုသော်လည်း မည်သို့မျှ ထူးခြားခြင်း မရှိဟု ဒေသခံများက ဆိုသည်။ 

အလားတူ ရသေ့တောင်မြို့နယ် မြောက်ပိုင်းရှိ ဆင်ခုန်းတိုင်ကျေးရွာအုပ်စု၊ ဆင်ခုန်းတိုင်ကျေးရွာနှင့် လွင့်တောင်ကျေးရွာ၊ ရက်ခုန်းတိုင်ကျေးရွာအုပ်စု အာကာတောင်ကျေးရွာနှင့် အုတ်ဖိုကျေးရွာအုပ်စု ကံဆိပ် ကျေးရွာရှိ ရိုဟင်ဂျာများကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ စ၍ အထောက်အပံ့များ ဖြတ်တောက်လိုက်သဖြင့် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရပြီး အငတ်ဘေး ရင်ဆိုင်ရဖွယ်ရှိသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ