တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ရသေ့တောင် အာကာတောင်မှ ဒေသခံများ အထူးစိုးရိမ်နေ
ရန်နိုင် Rohingya Today
အာကာတောင်ရွာမှ ကျောင်းသစ်

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ရက်ခုန်းတိုင်ကျေးရွာအုပ်စု အာကာတောင်ရွာ အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဒေသခံရိုဟင်ဂျာများ အထူးစိုးရိမ်နေကြသည်။ 

ရသေ့တောင်မြို့နယ် ရက်ခုန်းတိုင်ကျေးရွာအုပ်စု၊ အာကာတောင်ရွာရှိ မွတ်စလင်သင်္ချိုင်းသို့ မြန်မာစစ်တပ်မှ စစ်သားများ လာရောက် စခန်းချပြီးနောက် ယနေ့ မတ်လ (၈) ရက်နေ့ ည ၁၀ နာရီနောက်ပိုင်းတွင် ရွာ၏ အရှေ့ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်တို့မှ ရွာဘက်ရှိ စစ်သားများ စခန်းချရာနေရာသို့ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားနေသည်။

“ကျွန်တော်တို့ ရွာထဲကို စစ်သားတွေ ရောက်လာပြီးတော့ ည ၁၀ နာရီလောက်မှာ သေနတ်သံ နှစ်ချက်ကြားရတယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်သံတွေ ဆက်တိုက်ကြားနေရတယ်။ အရှေ့ဘက်က အုန်းချောင်းရခိုင်ရွာ၊ အနောက်ဘက်က မေယုမြစ်နဲ့ တောင်ဘက်က ရက်ခုန်းတိုင် ရခိုင်ရွာ တွေကနေ ကျွန်တော်တို့ ရွာဘက်မှာရှိတဲ့ စစ်သားတွေကို ပစ်နေတယ်။ အပြန်အလှန် ပစ်နေကြတာ။” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

“ရွာထဲကို စစ်သားတွေ ရောက်လာရင် ဒီလိုဖြစ်မှာကို ကျွန်တော်တို့ အရမ်းစိုးရိမ်ခဲ့တယ်။ အခု ဆက်တိုက်ပစ်နေတာ။ ကျွန်တော်တို့ ရွာသားတွေကို အပြင်ထွက်ခိုင်းနေတော့ အရမ်းကို ကြောက်နေကြတယ်။ ဘာဖြစ်လာမလဲဆိုတာ စိုးရိမ်နေရတယ်” ဟု ၎င်းက ဆက်လက်ပြောပါသည်။ 

လွန်ခဲ့သည့်နှစ်ကုန်ပိုင်းမှစ၍ ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာ့တပ်မတော် တို့အကြား တိုက်ပွဲများ မကြာမကြာ ဖြစ်ပွားလျက်ရှိပြီး၊ မြန်မာ့တပ်မတော် စစ်ကြောင်းများသည် ရခိုင်ရွာများ အနီးသို့ မကပ်ဝံ့တော့ဘဲ ရိုဟင်ဂျာရွာများအနီးတွင် စခန်းချခြင်း၊ ရိုဟင်ဂျာရွာများအတွင်းသို့ ဝင်ရောက်၍ စခန်းချခြင်းများ မကြာခဏ ပြုလုပ်လျက်ရှိသည်။ 

မြန်မာ့တပ်မတော် အနေဖြင့် အပြစ်မဲ့ပြည်သူများ မထိခိုက်ရေးအတွက် ရွာများနှင့် အလှမ်းဝေးသည့် နေရာများတွင်သာ စခန်းချသင့်သော်လည်း အပြစ်မဲ့ပြည်သူများကို လူသားဒိုင်းများသဖွယ် အသုံးချလျက်ရှိသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ