ကားနှင့် ဆိုင်ကယ် တိုက်မိပြီး ဆယ်ကျော်သက် ရိုဟင်ဂျာနှစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာပြင်းထန်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် နန်းရာကုန်းကျေးရွာအုပ်စု၊ ကတို့ဆိပ် စာသင်ကျေးရှေ့ လမ်းကွေ့တွင် တီဘာကားတစ်စီးနှင့် ဆယ်ကျော်သက် ရိုဟင်ဂျာ (၄) ဦး စီးလာသည့် ဆိုင်ကယ်တစ်စီးတို့ တိုက်မိပြီး ရိုဟင်ဂျာ နှစ်ဦးသေဆုံး၍ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

မတ်လ (၃) ရက်နေ့ ည ၆ နာရီကျော် နေဝင်ချိန်တွင် ဘူးသီးတောင်မြို့နယ် ကွန်ဒိုင်ကျေးရွာမှ အူမောရ်ဖာရုခ် (ဘ) ဂူရာမျာ (အသက် ၁၅ နှစ်) သည် ဆိုင်ကယ်စီး၍ ဘူးသီးတောင်မြို့ပေါ်မှ ကွန်ဒိုင်ကျေးရွာရှိ နေအိမ်သို့ ပြန်နေစဉ် ပန်ဇီးချောင်းတံတား၏ အရှေ့ဘက်မှ ကွန်ဒိုင်ကျေးရွာသို့ လမ်းလျှောက်ပြန်နေသည့် သူငယ်ချင်း (၃) ဦး ဖြစ်သည့် မာမတ်ဟူးဆောင်း (ဘ) ဦးအဒူဇော်ဘော်ရ် (အသက် ၁၄ နှစ်)၊ မာမူးန်ရော်ရှိတ် (ဘ) ဦးနူရ်မာလ်ဟာကိမ်း (အသက် ၁၅ နှစ်) နှင့် အာရှူး (အသက် ၁၅ နှစ်) တို့ကို တွေ့ရှိပြီး (၃) ဦးစလုံးကို ဆိုင်ကယ်ပေါ်သို့ တင်၍ ရွာသို့ မောင်းနှင်ခဲ့သည်။ 

နန်းရာကုန်းကျေးရွာအုပ်စု ကတို့ဆိပ်ရွာရှိ စာသင်ကျောင်းရှေ့ လမ်းကွေ့သို့ ရောက်သောအခါ အရှေ့ဘက်မှ ဘူးသီးတောင်မြို့ပေါ်သို့ သွားနေသည့် အပြာရောင် တီဘာကားတစ်စီးနှင့် တိုက်မိခဲ့သည်။ 

ဆိုင်ကယ်ပေါ်ရှိ (၄) ဦးအနက် ဆိုင်ကယ်မောင်းနှင်သူ အပါအဝင် (၃) ဦး ယင်းနေရာတွင် သတိလစ်သွားခဲ့ပြီး၊ ကျန်တစ်ဦးသည် ဆိုင်ကယ်ပေါ်မှာ ခုန်ဆင်းခဲ့သဖြင့် အနည်းငယ်သာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် တီဘာကားသည် သတိလစ်နေသူများ၊ ထိခိုက်ဒဏ်ရာရရှိသူ တို့ကို ကြည့်ရှုခြင်းပင် မပြုလုပ်ဘဲ မောင်းထွက်သွားခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

အခင်းဖြစ်ပွားမှုကို ကွန်တိုင်ကျေးရွာသား ရိုဟင်ဂျာနှစ်ဦးက မြင်တွေ့ပြီး သတိလစ်နေသူ (၃) ဦးကို CNG တစ်စီးဖြင့် ဘူးသီးတောင် ဆေးရုံးသို့ ပို့ပြီးနောက် ၎င်းတို့၏ မိသားစုများထံ အကြောင်းကြားခဲ့သည်။ 

အခင်းဖြစ်ပွားရာနေရာသို့ ကတို့ဆိပ် စာသင်ကျောင်းတွင် စခန်းချနေသည့် နယ်ခြားစောင့်ရဲများ လာရောက် ကြည့်ရှုပြီး ဓါတ်ပုံရိုက်ယူခဲ့သည်။ 

ဘူးသီးတောင် ဆေးရုံတွင် ည ၉ နာရီ အချိန်၌ မာမတ်ဟူးဆောင်း (ဘ) ဦးအဒူဇော်ဘော်ရ် (အသက် ၁၄ နှစ်) သေဆုံးသွားပြီး၊ နောက်နေ့ နံနက် (၄) နာရီ အချိန်တွင် အူမော်ရ်ဖာရုခ် (ဘ) ဦးဂူရာမျာ (အသက် ၁၅ နှစ်) သေဆုံးသွားခဲ့သည်။

မာမူးန်ရော်ရှိတ် (ဘ) ဦးနူရ်မာလ်ဟာကိမ်း (အသက် ၁၅ နှစ်) သည် ယခုထိ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး စိုးရိမ်ဖွယ်ရာ အခြေအနေတွင် ရှိသည်။

သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို မတ်လ (၄) ရက်နေ့ နေ့လည်ပိုင်းတွင် ဆေးရုံမှ မိသားစုများထံ အပ်နှံခဲ့ပြီး၊ မိသားစုဝင်များက နေအိမ်များသို့ သယ်ဆောင်သွားပြီး မြေမြှပ်သဂြိုဟ်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

“ယာဉ်တိုက်မှု ဖြစ်ပြီးတာနဲ့ ကားက မောင်းထွက်သွားတော့ ဘယ်သူ့ရဲ့ကား၊ ဘယ်သူမောင်းနေတာလဲဆိုတာ မသိလိုက်ရဘူး။ ယာဉ်ထိန်းရဲတွေနဲ့ နယ်ခြားစောင့်ရဲတွေကလည်း အဲဒီကားကို အခု ဖော်ထုတ်ပေးခြင်း မရှိဘူး။ အနီးအနားမှာ နယ်ခြားစောင့်ရဲ ကင်းစခန်းတွေရှိတော့ သူတို့ သိတာပေါ့။ ဒါပေမယ့် မဖော်ထုတ်ပေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆိုင်ကယ်ကို တိုက်ခဲ့သည့် ကားသည် ပန်ဇီးချောင်းတံတားကို ဖြတ်သန်းပြီး ဘူးသီးတောင်မြို့ပေါ်သို့ မောင်းသွားမည်ဖြစ်သဖြင့် တံတား၏ အရှေ့နှင့် အနောက်ဘက်များရှိ ရဲတပ်ဖွဲ့ဝင်များက သိမည်မှာ သေချာသော်လည်း ဖော်ထုတ်ပေးခြင်း မရှိပေ။

ယာဉ်မောင်းများသည် ကင်းစခန်းများကို ဖြတ်သန်းတိုင်း သတင်းပို့ရပြီး၊ စခန်းရှိ တပ်ဖွဲ့ဝင်များက ယာဉ်နံပါတ်နှင့် ယာဉ်မောင်း အမည်ကို မှတ်တမ်းတင်ထားလေ့ရှိသည်။ 

တံတားရှိ ကင်းစခန်းနှစ်ခုစလုံးမှ အဆိုပါယာဉ်ကို ဖော်ထုတ်ပေးခြင်း မရှိသည်မှာ GE ကား (သို့မဟုတ်) ရခိုင်လူမျိုး မောင်းသည့်ကား ဖြစ်သောကြောင့် ဖြစ်နိုင်ပြီး၊ အကယ်၍ ရိုဟင်ဂျာမောင်းသည့်ကား ဖြစ်ပါက ငွေယူ၍ နှုတ်ပိတ်နေခြင်းသာ ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ